ကိုယ့်ရဲ့ မီးဖိုချောင်ကို သပ်သပ်ရပ်ရပ်ထားချင်ပေမယ့် အလုပ်တွေ ရှုပ်နေလို့ မီးဖိုချောင် သန့်ရှင်းရေးကို နေ့တိုင်း မပြုလုပ်နိုင်တဲ့အခါ အိမ်ရှင်မတွေအနေနဲ့ အင်မတန်စိတ်ညစ်ရပါတယ်။ အထူးသဖြင့် ကိုယ့်အိမ်မှာ ကလေးငယ်လေးတွေ ရှိတဲ့အခါ ကစားစရာတွေက ဟိုနားပြန့်ကျဲ ဒီနားပြန့်ကျဲနဲ့ တစ်ခါတလေကျရင် မီးဖိုချောင်ထဲအထိပါ နယ်ကျော်လာတာတွေက ခေါင်းကိုက်စရာပါပဲ။

ဒါပေမဲ့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေနဲ့ အိမ်ရှင်မတို့ရဲ့ မီးဖိုချောင်ကို ခင်းကျင်းလိုက်မယ်ဆိုရင် ရှုပ်ပွနေတော့မှာမဟုတ်ဘဲ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေမှာအမှန်ပါပဲ။

ပန်းကန်ဆေး ဘေစင်ရဲ့ အပေါ်မှာ ပန်းကန်စင် ဆင်ထားလိုက်ပါ။

ပန်းကန်စင်ကို အပေါ်မှာ တပ်ဆင်ထားလိုက်မယ်ဆိုရင် ဆေးပြီးသားပန်းကန်တွေရဲ့ အရည်တွေ တစက်စက်ကျလို့ ကြမ်းပြင်ညစ်ပတ်မှာ မဟုတ်တော့ပါဘူး။ တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းလေးပါပဲ။

ဟင်းရွက်လှီးဖြတ်တဲ့ဓား၊ သား ငါး ခုတ်ထစ်တဲ့ ဓားတွေကို ဘယ်လို သိမ်းဆည်းထားရမလဲ။

အံဆွဲသပ်သပ်ထားထားပါ။ ဓားသွားတွေကို သစ်သားစောင်းနေရာမှာ ထည့်သိမ်းထားပြီး အသုံးပြုမယ့်အခါကျရင် ဓားလက်ကိုင်ကို ဆွဲထုတ်လိုက်ရုံပါပဲ။ အန္တရာယ်လည်း ကင်းတဲ့အပြင် သပ်သပ်ရပ်ရပ်လည်း ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ကြက်သွန်နီ ကြက်သွန်ဖြူတွေကို အမျိုးအစားတူရာ ထည့်သိမ်းထားပါ။

မီးဖိုချောင် နံရံမှာ ခြင်းတောင်းလေးတွေ အစီအရီတပ်ထားလိုက်မယ်ဆိုရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို နေရာတစ်ခုတည်းမှာ တောင်ကြီးတစ်တောင်လို စုပုံနေစရာမလိုတော့ပါဘူး။ အမြင်ရှင်းနေမှာပါ။

မီးဖိုချောင်သုံး ပစ္စည်းတွေကို အကန့်ခွဲထားပါ။

အမျိုးအစားတူရာအလိုက် အကန့်ခွဲပြီး သိမ်းထားခြင်းက ကိုယ်လိုချင်တဲ့ပစ္စည်းကို လျှပ်တစ်ပြက်အတွင်း ရှာတွေ့နိုင်ပါတယ်။

စဉ်းနီတုံး၊ လင်ဗန်းစတာတွေကို အံဆွဲတစ်ခုထဲမှာ သီးသန့်ထည့်သိမ်းထားပါ။

စဉ်းနီတုံးတို့ လင်ဗန်းတို့ကို အသုံးပြုပြီးတဲ့အခါ ရေစင်အောင် ဆေးပြီး ပန်းကန်စင်ပေါ်မှာ အရည်စစ်ထားလိုက်ပါ။ သေချာခြောက်သွားပြီဆိုမှ အံဆွဲထဲ ထည့်သိမ်းတာမျိုးပြုလုပ်ရပါမယ်။ မခြောက်သေးဘဲ ထည့်သိမ်းမယ်ဆိုရင် အံဆွဲထဲမှာ လှောင်ပိတ်သွားတတ်ပြီး ဘက်တီးရီးယားတွေ ကပ်ညှိနိုင်ပါတယ်။

ဘေစင်အောက်ခြေကို အလွတ်မထားပါနဲ့။

ဘေစင်အောက်ခြေကို စင် နှစ်ဆင့် သုံးဆင့်ထပ်ပြီး ပစ္စည်းတွေ ထားသိုပေးလိုက်ပါ။ မီးဖိုချောင်ထဲမှာ နေရာလွတ်တစ်ခုထွက်လာပါလိမ့်မယ်။

အင်္ကျီချိတ်ကို မီးဖိုချောင်အတွက် ဘယ်လိုအသုံးပြုမလဲ။

ပစ္စည်းတစ်ခုခု၊ ကြွပ်ကြွပ်အိတ် တစ်ခုခုဖောက်ပြီးသွားလို့ လေလုံအောင် ပြန်ချည်ထားဖို့ဆိုရင် အင်္ကျီလှန်းတဲ့ ချိတ်ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ရိုးရိုးချိတ်တော့ မရပါဘူး။ ညှပ်ပါတဲ့ ချိတ်မှ အဆင်ပြေပါလိမ့်မယ်။

Source: Brightside.me