အာလုံးပဲမင်္ဂလာပါ။ဝိတ်ချနေတဲ့အချိန်ဟာ အစားအသောက်တော်တော်များများကို ရှောင်ရတာဖြစ်တဲ့အတွက် တကယ့်ကို စိတ်ဆင်းရဲရဆုံးအချိန်ဖြစ်ပါတယ်။နေ့စဉ်အပြုတ်တွေ အသုပ်တွေနဲ့ ငြီးငွေ့စရာ အစားအသောက်တွေကို မစားချင်တော့ဘူးဆိုရင်တော့ ဝိတ်လည်းမတက် ကျန်းမာရေးနဲ့လည်းညီညွှတ်ပြီး အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်းခရုဆီဟင်းလျာလေးကို ချက်စားကြည့်လိုက်ပါနော်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီစိမ်း ၁ ထုပ်
  • ကြက်ရိုး ၁၀၀ ဂရမ်
  • မုန့်ဖုတ်ဆော်ဒါ ၁ ဇွန်း
  • ဂျင်း ၁ တက်
  • ကြက်သွန်ဖြူ ၂ မွှာ
  • ခရုဆီ ၂ ဇွန်း
  • ဆားအနည်းငယ်
  • နှမ်းစားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားအညို ၁ ဇွန်း
  • ဆန်အရက် ၁ ဇွန်း
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်ပြုတ်ရည် ရရှိရန်အတွက် ကြက်ရိုးကို ရေဆေးသန့်စင်ပြီး ဒယ်အိုးအတွင်း ရေ ၃ခွက်ခန့်ထည့်ကာ
ကြက်သွန်ဖြူ ၁ တက် ခပ်ပါးပါးလှီးထားတဲ့ ဂျင်းတစ်တက် တို့ နဲ့အတူ မိနစ် ၃၀ ခန့် ပြုတ်ထားပေးပါ။ ကြက်ရိုးပြုတ်ထားစဉ်အတွင်း ပန်းဂေါ်ဖီစိမ်းကို အနေတော်အရွှယ်အစားလှီးဖြတ်ပေးပါ။

(၂) ထို့နောက် နောက်ထပ်ဒယ် အိုးတစ်ခုအတွင်း ဂျင်းတစ်တက်နဲ့ အတူ ရေ ၂ ခွက်ခန့်ထည့်ကာ ရေနွေးတည်ထားပေးရပါတယ်။ ရေနွေးဆူလာပြီဆိုရင်တော့ ခုနကလှီးထားတဲ့ ပန်းဂေါ်ဖီစိမ်းလေးတွေကို ၃ မိနစ်ခန့်ရေနွေးဖျောပေးပါ။ အချိန့်စေ့ပြီ ဆိုရင်တော့ ဇကာတစ်ခုအတွင်းထည့်ကာ ရေနွေးဖျောထားတဲ့ ပန်းဂေါ်ဖီစိမ်းလေးတွေကို ရေစစ်ထားပေးပါ။

(၃) ဆက်လက်ပြီး ခရုဆီဆော့စ်ပြင်ဆင်ရန်အတွက် ဒယ်အိုးတစ်ခုအတွင်း ခုနကပြုတ်ထားတဲ့ ကြက်ရိုးပြုတ်ရည်အိုးအတွင်းမှ ကြက်ပြုတ်ရည် ၃ ဇွန်းခန့်ခပ်ထည့်ပါ။ထို့နောက် ခရုဆီ ၂ ဇွန်း ဆားအနည်းငယ် သကြားညိုတစ်ဇွန်း ဆန်အရက် တို့ကို ရောထည့်ပြီး မီးဖိုပေါ်မှာ ၃ မိနစ်ခန့်အပူပေးပါ။ဖြည်းဖြည်းချင်းမွှေပေးပြီး ခရုဆီဆော့စ် ဆူပွက်ပြီးပစ်လာပြီးဆိုရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။

(၄) နောက်ဆုံးအဆင့်အနေနဲ့ ပန်းကန်းပြားတစ်ခုအတွင်း ရေနွေးဖျောထားတဲ့ ပန်းဂေါ်ဖီးစိမ်းလေးတွေကို စီစီရီရီထည့်ပေးပါ။ထို့နောက်ခုနကကြိုထားတဲ့ ခရုဆီဆော့စ်အနစ်လေးကို အပေါ်ကစမ်းပေးလိုက်ပါ။ပြီးရင်တော့ နှမ်းစေ့လေးတွေကို ဟင်းပွဲရဲ့အပေါ်ကနေ အလှဆင်လိုက်မယ်ဆိုရင် လွယ်ကူရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားချင်စဖွယ် ပန်းဂေါ်ဖီစိမ်းခရုဆီဟင်းလျာလေးကို ရရှိပြီပဲဖြစ်ပါတယ်။