ဟင်းခတ်အမွှေးအကြိုင်ထဲမှာမှ ပင်စိမ်းကို အသုံးပြုထားတဲ့ ဒီဟင်းလျာလေးက မွှေးရနံ့သင်းပျံ့နေပြီး သွားရည်ကျလောက်အောင်ကို ဆွဲဆောင်နိုင်မှာပါ။ ကြက်သားနဲ့ချက်ထားတဲ့ ဟင်းလျာဆိုတော့ ခြေလေးချောင်းရှောင်တဲ့လူတွေလည်း အခက်အခဲမရှိစားသုံးနိုင်ပြီပေါ့။ အရသာကလည်း အလွန်ရှိ၊ မွှေးရနံ့ကလည်းသင်းနေဆိုတော့ အကောင်းဆုံးပဲနော်။

ပါဝင်ပစ္စည်းများ

  • အသားနွှင် ထားသော ဗမာ ကြက်ရင်ပုံ -၂ ခြမ်း (၁၅၀ဂရမ် )
  • ပဲငံပြာရည်အကျဲ – ၂ ၁/၂ လက်ဖက်ရည်ဇွန်း
  • ခရုဆီ – ၂ လက်ဖက်ရည်ဇွန်း
  • ငရုတ်ကောင်းမှုန့်် – သင့်ရုံ
  • ခရမ်းကြွပ်သီး – ၃လုံး (လေးစိတ် လှီးထားပါ)
  • ဂျင်း ၊ ကြက်သွန်ဖြူ ထောင်းပြီးအရည် – ၁ ဇွန်း Teaspoon
  • ထိုင်းပင်စိမ်းရွက် – လက်တစ်ဆုပ်ခန့်
  • ကောက်ရိုးမှို – ၅ ခု
  • ငရုတ်ပွ ချို – ၁ ခု
  • ခရုဆီ – ၁ tsp
  • ဆီ

ပြုလုပ်နည်း

  1. အသားနွှင် ထားသောဗမာ ကြက်ရင်ပုံ ကို အရေခွံဖယ်၍ နှုတ်နှုတ် စဉ်းထားပါ။အရိုးများကိုလည်း ဆားသင့်ရုံဖြင့် ပြုတ်ပြီး အရည် ယူထားပါ။
  2. ကြက်သားကို ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်် ၊ ဂျင်း ၊ ကြက်သွန်ဖြူ တို့ဖြင့် အရသာ ဝင်အောင် နယ်ထားပါ။ ဒယ်ထဲဆီသင့်ရုံထည့်ပြီး ခရမ်းကြွတ်သီး၊ မှို ၊ ငရုပ်ပွများ ခဏကြော်ပြီး ဆယ်ယူထားပါ။
  3. ဟင်းပွဲပေါ် အလှဆင်ရန် ပင်စိမ်း တစ်ဝက်ကို ကြွပ်အောင် ကြော်ထားပါ။ ဆီ ၁ (ဟင်းစားဇွန်းခန့်) ချန်ပြီး နှုတ်နှုတ်စဉ်းထားသော ကြက်သွန်ဖြူ ၊ ဂျင်း အနည်းငယ် မွှေးလာအောင် ဆီသက်ပါ ။
  4. ပြီးလျှင် ကြက်သား ထည့်ပါ။  ကြက်သားများ လုံးမသွားစေရ န်ဇွန်းဖြင့် ထိုးခြေ မွှေပေးပါ။ ခရုဆီ ၁ဇွန်း ထည့်ပါ။  ကြက်သားများ အရောင်ပြောင်းပြီး မွှေးလာလျှင် ကြက်ပြုတ်ရည် ၆ ဇွန်း (ဟင်းစားဇွန်း) ထည့်ပါ။ ပင်စိမ်း ထည့်ပါ။
  5. ပြီးလျှင် ကြော်ထားသော အသီးများ ထည့်ပါ။ အပေါ့အငံ စိတ်ကြိုက်ပြင်ကာ ထမင်းပူပူလေးနှင့် လိုက်ဖက်လှပါတယ်။

Credit: Soe´s Cooking Collection