ကြက်သား ပြည်ပလာတာ ဆိုပေမယ့် ပလာတာတစ်မျိုးတည်းနဲ့ မစားပါဘူး။ ပလာတာ၊ စမူဆာ၊ ကော်ပြန့်ကြော်တို့နှင့်ပါ တွဲဖက်ပြီး သုံးဆောင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပလာတာ
  • ကြက်သာ
  • ကြက် အသည်းအမြစ်
  • ကြက် လည်ပင်းရိုး
  • တောင်ပံ
  • ခြေထောက်
  • ဆား
  • နနွင်းမှုန့်
  • ကြက်သားမှုန့်
  • အရသာမှုန့်
  • ဟင်းချိုမှုန့်
  • ပဲမှုန့် အစိမ်း
  • ရေ
  • အားလူးအလုံးသေးများ
  • လေညှင်း ၄ပွင့်
  • ဖာလာစေ့ ၄စေ့
  • ငရုတ်ကောင်း ၃ စေ့
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ဆီ
  • ငရုတ်သီး အရောင်တင်မှုန့်
  • မဆလာ အနည်းငယ်
  • ကလာဝေးရွက်
  • သစ်ဂျပိုးခေါက်
  • စမူဆာ
  • ကော်ပြန့်
  • ဂေါ်ဖီ
  • ကြက်သွန်နီ
  • ရှောက်ရွက်
  • နံနံပင်
  • ပူစီနံ
  • ငရုတ်သီးစိမ်း
  • သံပုရာသီး

ပြုလုပ်နည်း

ပြည်ပလာတာ ချက်ရန် အတွက် ကြက်သား၊ ကြက်အသည်းအမြစ်၊ ကြက်လည်ပင်းရိုး၊ တောင်ပံ၊ ခြေထောက် စသည်တို့ပါ ထည့်ပြီး ချက်လျှင် ပိုပြီး စားကောင်းပါတယ်။

ပထမဆုံး ကြက်သား၊ ကြက် အသည်းအမြစ်၊ နှလုံး၊ ကြက်လည်ပင်းရိုး၊ တောင်ပံ၊ ခြေထောက် အားလုံးတို့ကို ရေစင်အောင် ဆေးပြီး အတုံးသေးသေးလေးတွေ တုံးကာ ဆား ၊ နနွင်းမှုန့် ၊ ကြက်သားမှုန့် ၊ အရသာမှုန့်၊ ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာ တစ်မျိုးမျိုး ထည့်နယ်ထားပါ။

ပဲမှုန့် အစိမ်းကို ရေနှင့်ချေပြီး ဖျော်ကာ အိုးအကြီးတလုံး ထဲတွင် မကြာခဏ မွှေပေးကာ၊ ပဲအစိမ်းနံ့ ပျောက်သည် အထိ ကြာကြာလေး တည်ထားပါ။

အားလူးအလုံးသေးများကို အခွံနွှာပြီး ဆားအနည်းငယ်နှင့် ရေစိမ်ထားပါ။ လေးညှင်း ၄ပွင့်၊ ဖာလာစေ့ ၄စေ့၊ ငရုတ်ကောင်း ၃ စေ့ တို့ကို ညက်အောင် ထောင်းထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း တို့ကိုလည်း ညက်အောင်ထောင်းပြီး အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်း အနည်းငယ်ဖြင့် ဆီသတ်ပါ ။ ကြက်သွန်များ ရွှေရောင် သန်းပြီး မွှေးလာပါက မီးအရှိန်ရှော့ကာ ငရုတ်သီး အရောင်တင်မှုန့်၊ မဆလာအနည်းငယ်၊ ကလာဝေးရွက်၊ သစ်ဂျပိုးခေါက် နှင့် ညက်အောင်ထောင်းထားသော လေညှင်း ၊ ဖာလာစေ့၊ ငရုတ်ကောင်းစေ့ တို့ကို ထည့်ပြီး စက္ကန့်ပိုင်းမျှ ကြာအောင် မွှေကာ ၊ လုံးထားသော ကြက်သား ၊ ကြက် အသည်း အမြစ် ၊ ကြက်ရိုး အားလုံးတို့ကို ထည့်ပြီး မီးအရှိန်ကို ပုံမှန်ပြန်ထားကာ ကြက်သားများကို ကြာကြာလေး လုံးပေးပါ ။

ကြက်သားများ ရေခမ်းပြီး ဆီပြန်လာလျှင် အသင့်ကျိုထားသော ပဲရည်အိုးထဲသို့ ဖြေးဖြေးချင်း ထည့်ကာ တည်ထား ပေးပါ ။

ပြီးနောက် အားလူးများကို ရေပြန်ဆေးကာ ဟင်းအိုးထဲသို့ ထည့်ပြီး မွှေပေးပါ ။ ဟင်းအိုးကို မကြာခဏမွှေမွှေပေးပါ ။ အောက်တွင် ပဲအနှစ်များ ကပ်ပြီး တူးနိုင်ပါသည်။

ဟင်းအရည်များ ပွက်ပွက် ဆူလာလျှင် ကြက်သားများနှင့် အားလူးများ နူး ၊ မနူးနှင့် အပေါ့အငံမြည်းကြည့်ကာ လိုအပ်သည်များကို ထပ်ထည့်ပါ ။

ကြက်သားများနှင့် အားလူးများ အားလုံးနူးပြီး ဆိုလျှင် ကြက်သား ပြည်ပလာတာ အတွက် ကြက်သား အားလူးဟင်း အရည်လေး သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ ။

ပလာတာ ၊ စမူဆာ ၊ ကော်ပြန့် တို့ကို ကြော်ထားပါ။ ဂေါ်ဖီ ၊ကြက်သွန်နီ ၊ ရှောက်ရွက် ၊ နံနံပင် ၊ ပူစီနံ ၊ ငရုတ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ။

ပန်းကန်လုံးတစ်ခုထဲတွင် ပလာတာ ၊ စမူဆာ ၊ ကော်ပြန့် တို့ကို အနေတော် ညှပ်ထည့်ပါ။

ကြက်သား အာလူးဟင်းရည်ကို မွှေပြီးခပ်ထည့်ပါ။ ပါးပါး လှီးထားသော ဂေါ်ဖီ ၊ ကြက်သွန်နီ ၊ရှောက်ရွက် ၊ နံနံပင် ၊ပူစီနံ ၊ ငရုတ်သီးစိမ်း တို့ကို ထည့်ပါ ။ သံပုရာရည် ညှစ်ကာ အားလုံးကို ရောနယ်ပြီး အပေါ့အငံ မြည်းကာ အရသာ ကောင်းမွန်သော ချဉ်ချဉ် ငံငံ စပ်စပ် ၊ ကြက်သား ပြည်ပလာတာ ပူပူလေး သုံးဆောင်လို့ ရပါပြီ။

Credit: ဒေါ်ပု