မြန်မာနိုင်ငံသားတွေဟာ ဟင်းကို အတွဲအစပ်နဲ့ ချက်ပြီး စားတဲ့ နေရာမှာ နာမည်ကြီးလှပါတယ်။ အရည်ဟင်း၊ အသီးအရွက်နဲ့ အသားဟင်း တစ်ခွက်ကို လိုက်ဖက်အောင် ချက်ပြီး စားတတ်ကြပါတယ်။ တခါတရံကျတော့လည်း အိမ် ရှင်မတွေ အိမ်ရှင်ထီးတွေ ဘာချက်လို့ ချက်ရမှန်း မသိတဲ့ နေ့တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ MyFood Myanmar ကနေ ပကာသန မပါတဲ့ အိမ်ထမင်း အိမ်ဟင်းအတွဲလေးတွေကို ကြည့်ပြီး ဘာချက်ရမလဲဆိုတဲ့ အတွေးလေးတွေ ဝင်ရအောင် ဒီနေ့ ချက်တဲ့ ဟင်းအတွဲအစပ်လေးကို တင်ပေးလိုက်ပါတယ်။
ဒီနေ့မှာတော့ ချဉ်ပေါင်ရွက်ကို ငါးလေးနဲ့ အရည်ကျဲလေး ချက်ပါတယ်။ ပုဇွန် ဘောချိတ်လေးကို ငရုတ်သီး ခွဲကြမ်းဖက်လေးနဲ့ အစပ်လေး ကြော်၊ ပုဇွန်ခြောက်ကို ဘာလချောင်ကြော်လေး ကြော်ထားတတ်တာလေးနဲ့ တွဲစားလို့ ရပါတယ်။ အာပြဲခြောက်လေးကို အတုံးလေးတွေ တုံးပြီး ငရုပ်သီးလေးနဲ့ ကြော်လိုက်ပါတယ်။ ချက်နည်းကတော့ လွယ်လွယ်လေးပါပဲ။
ဝယ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့
ချဉ်ပေါင်ဟင်းအတွက်
- ချဉ်ပေါင်ရွက် ၂စည်း
- ငါးကြင်း အနည်းငယ်
- ငါးပိစိမ်းစား အနည်းငယ်
- ငရုတ်သီးအနုမှုန့် အနည်းငယ်
- ကြက်သွန်နီ ၁လုံး (ပါးပါးလှီးထားပါ)
- ဟင်းချိုမှုန့် အနည်းငယ်
- နနွင်း အနည်းငယ်
ချဉ်ပေါင်ရွက်ကို ထွင်ထားပြီး ရေသေချာ ဆေးပါ။ သဲတွေ အမှိုက်တွေ ပါတတ်လို့ ၂ထပ်လောက် အနည်းဆုံး ဆေးပါ။ ငါးကို ဆားအနည်းငယ်နယ်ပြီး ခဏထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ အိုးထဲကို ဆီထည့်ပြီး ကြက်သွန်နီ၊ ငါး၊ ငါးပိစိမ်းစားနဲ့နနွင်းမှုန့်၊ ငရုတ်သီး အနုမှုန့်တို့ကို ဆီသတ်ပါ။ မွှေးလာရင် ရေစစ်ထားတဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပါ။ လုံးပြီး ရေထည့်ပါ။ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပါ။ ရေဆူလာရင်တော့ အပေါ့အငံ မြည်းပြီး လိုတာ ထည့်ပါ။ အနံ့လေး မွှေးဖို့ အတွက် ပင်စိမ်းလေး အုပ်ပေးပါ။ ကိုယ်ကတော့ ဝယ်ဖို့ မေ့ခဲ့တာနဲ့ ဒီအတိုင်းလေးပဲ စားလိုက်တော့မယ်။ ကဲ နောက်တစ်မျို;ချက်ကြရအောင်နော်။
ပုဇွန်ကြော်အတွက်
- ပုဇွန် ဘောချိတ် ၂၅ကျပ်သား (၅ယောက်စာ)
- ငရုတ်သီး အကြမ်းဖက် ၂ကျပ်ခွဲသား
- ငံပြာရည် အနည်းငယ်
- ကြက်သွန်နီ ၂လုံး (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ ၅တက် (ပါးပါးလှီးပါ)
- ဆီ
- ဟင်းခတ်မှုန့် အနည်းငယ်
- ဆား အနည်းငယ်
- နနွင်း အနည်းငယ်
တကယ်တော့ ပုဇွန်တွေကို အခြား ဟင်းတွေ မချက်ခင်ကတည်းက ကိုင်ထားပြီး ဆား၊ နနွင်းနဲ့ နယ်ပြီး နှပ်ထားရင် ပိုကောင်းပါတယ်။ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အရင်ဆုံး ဆီသတ်ပါ။ ပြီးရင် နယ်ထားတဲ့ ပုဇွန်တွေကို ထည့်ပါ။ ငံပြာရည် အနည်းငယ်ထည့်ပါ။ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပါ။ ရေတွေ ခန်းအောင် အနည်းငယ် ကြော်ပေးပြီး ငရုတ်သီးအကြမ်းဖတ်တွေကို ထည့်ပါ။ ငရုတ်သီး အကြမ်း မကြိုက်ရင်တော့ ငရုတ်သီး အစိမ်းလေးတွေကို ညှပ်ထည့်ပါ။ပုဇွန်က ကွေးသွားရင် ကျတ်ပါပြီ။ ကိုင်ရတာ ကြာပြီး ချက်ရတာ မြန်တဲ့ ဟင်းပါ။ ကဲ နောက်တစ်မျိုး ဆက်ချက်ရအောင်။
ဘာလချောင်ကြော်အတွက်
- ကြက်သွန်နီ ၂လုံး (ပါးပါးလှီး)
- ကြက်သွန်ဖြူ ၅တက် (ပါးပါးလှီး)
- ပုဇွန်ခြောက် မညက်တညက်ထောင်းထားပါ ၂ကျပ်ခွဲသား
- ငါးငံပြာရည် အနည်းငယ်
- ဆီ
- ငရုတ်သီး အကြမ်းဖက် (အစပ်မကြိုက်ရင် မထည့်ပါနဲ့)
- နနွင်း အနည်းငယ်
အရင်ဆုံး အိုးထဲကို ဆီထည့်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အရင်ဆုံး ရွှေရောင်သန်းလာအောင် ကြော်ပါ။ ပြီးရင် ဆယ်ထားပါ။ ထောင်းထားတဲ့ ပုဇွန်ခြောက်နဲ့ ငရုတ်သီးတို့ကို ကြော်ပါ။ ငံပြာရည်အနည်းငယ် ထည့်ပါ။ ပုဇွန်ခြောက် ကျတ်ပြီဆိုရင် ဆယ်ထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ရောကြော်လိုက်ပါ။ မွှေးပြီး အရသာ ရှိတဲ့ ဘာလချောင်ကြော် အိမ်ချက်လေး ရပါပြီ။ အပေါ့အငံနဲ့အချို အတွက် ငံပြာရည်နဲ့ ဟင်းခတ်မှုန့်ကို လိုသလို ထည့်ပါ။ ကဲ နောက်ဆုံး တစ်မျိုးရရင် ထမင်းစားလို့ ရပြီနော်။အာပြဲခြောက်ကြော်
- အာပြဲခြောက် အနည်းငယ်
- ကြက်သွန်နီ ၁လုံး (ပါးပါးလှီး)
- ကြက်သွန်ဖြူ ၂တက် (ပါးပါးလှီး)
- ငရုတ်သီးအကြမ်းဖတ် (အနည်းငယ်)
- ဆီ
- ဟင်းခတ်မှုန့် အနည်းငယ်
- ဆားအနည်းငယ်
- နနွင်း အနည်းငယ်
ဆီထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို အရင်ကြော်ပြီး ဆယ်ထားပါ။ ငါးခြောက်တုံးလေးတွေကို ဆားနည်းနည်း ထည့်ပါ။ ဟင်းခတ်မှုန့် နည်းနည်းထည့်ပြီး ကြော်ပါ။ ငါးခြောက်လေး ရဲလာပြီဆိုရင်တော့ ဆယ်ထားတဲ့ ကြက်သွန်ကြော်
တွေနဲ့ ပြန်ရောလိုက်ပါ။
ကဲ အခုဆိုရင် စားချင်စဖွယ် ဟင်းအစပ်လေးနဲ့ နေ့လည်စာ သုံးဆောင်လို့ ရပါပြီ။