နာမည်လေးကို ကြားလိုက်တာနဲ့တင် ဘယ်လိုမျိုးပါလိမ့်၊ ဘယ်လိုအရသာပါလိမ့်လို့ စဉ်းစားမိမှာ သေချာပါတယ်နော်။ ဒီလိုမျိုး ကိုယ်နဲ့မရင်းနှီးတဲ့ ဟင်းအမျိုးအမယ်တစ်ခုကို ဘယ်မှာသွားဝယ်စားရမလဲ မသိဘူးဆိုရင် လွယ်လွယ်ကူကူ အိမ်မှာပဲလုပ်စားကြည့်ကြရအောင်။ ပြီးရင် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း ပြန်ကြွားဖို့ အခုပဲလုပ်စားလိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

  • ပဲပုတ် ၂ ချပ် (ဒယ်အိုးနဲ့ထည့်ပြီး အနံ့မွှေးအောင် ကင်ပေးပါ)
  • ငရုတ်သီးစိမ်း စားနိုင်သလောက် (ဒဲအိုးနဲ့ထည့်ပြီး လှော်ထားပေးပါ)
  • ကြက်သွန် အသေး တစ်လုံး
  • ကြက်သွန်ဖြူ နှစ်တက်
  • နံနံပင်
  • ခရမ်းချဉ်သီး နှစ်လုံး
  • ဆား
  • အချိုမှုန့်
  • ငံပြာရည်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ခရမ်းချဉ်သီး နှစ်လုံးကို အိုးထဲတွင် ရေအနည်းငယ်ထည့်ပြီး ရေခန်းပြုတ်ပေးပါ ။
  2. ရေခန်းပြီးခရမ်းချဉ်သီး အပြင်ခွံများ ကွဲအက်ပြီး အတွင်းဘက်ကလည်း ပျော့လာပြီဆိုလျှင် အအေးခံထားပါ ။ ခရမ်းချဉ်သီး အေးလျှင် အပြင်အခွံများကို ခွာပေးပါ။
  3. ထို့နောက် ကြိတ်စက် ထဲတွင် ခရမ်းချဉ်သီး အခွံခွာထားတာရယ် ၊ ပဲပုတ် ကင်ထားကို အပိုင်းလေးများ ပိုင်းထားတာရယ် ၊ ငရုတ်သီးစိမ်းလှော်ထားတာရယ် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ တို့ကို ထည့်ပြီး မကြေတကြေလေး ကြိတ်ပေးပါ ။
  4. အားလုံး သမသွားလျှင် အပေါ့အငံမြည်းပြီး ဆား ၊ အချိုမှုန့် ၊ ငံပြာရည်ကို လိုသလိုထည့်ပြီး မွှေပေးပါ ။ ပြီးလျှင် အပေါ်က နံနံပင်လေးဖြူးပြီး သုံးဆောင်လို့ရပါပြီ ။

Credit: BabyAngle