မိုးရွာပြီဆိုတော့ ခြံထောင့်မှာ ကပ်စိုက်ထားတဲ့ ဆူးပုတ်ကလည်း အညွှန့်လေး တလူလူနဲ့ ။  ဒီနေ့လို ဈေးမသွားဖြစ်တာနဲ့ သတ်သက်လွတ် စားတဲ့သူ အတွက် ဆူးပုတ်ကို ငရုတ်သီးများများ နဲ့ ထောင်းလိုက်တော့လည်း ဟင်းတခွက် ရသွားတာပေါ့။ ပဲဟင်းချိုရယ် ဆူးပုတ်ထောင်းရယ် ကတော့ လိုက်မှလိုက်ပါဘဲ ။

ပါဝင်ပစ္စည်းများ

  • ဆူးပုတ်ရွက်
  • ကြက်သွန်ဖြူ
  • ငြုပ်သီးစိမ်း
  • ဟင်းချိုမှုန့် သံပုရာသီး ဆား ဆီ
  • သံပုရာသီး
  • ဆား
  • ဆီ

ပြုလုပ်နည်း

  1. ဆူးပုတ်ရွက်များကို ခြွေပြီး အရင် ပြုတ်ပါ။ ပြီးလျင် အအေးခံပါ။
  2. ငြုပ်သီးစိမ်းကို ရေအနည်းငယ် နှင့် ထည့်ပြုတ်ပြီး ရေခမ်းသွားလျင် ငြုပ်သီးစိမ်း နှင့် အတူ  ကြက်သွန်ဖြူ ကို ဒယ်အိုးထဲတွင် ထည့်၍ လှော်ပါ။
  3. ပြီးလျင် လှော်ထားသည့်  ငြုပ်သီးစိမ်း နှင့်  ကြက်သွန်ဖြူတို့ကို ဆား ၊ ဟင်းချိုမှုန့် တို့နှင့်အတူ ညက်နေအောင် ထောင်းပါ။
  4. ပြီးလျင် ဆူးပုတ်ရွက်ကို ထည့်ထောင်းပါ။
  5. အားလုံး နှံ့စပ်အောင် ထောင်းပြီးလျင်  မိမိနှစ်သက်ရာ အစပ် အပေါ့ အငံ အနေတော်ဖြစ်လျင် ဆီစိမ်းလေး ဆမ်းပြီး ထားပါ။ စားကာနီးတွင် သံပုရာသီးကို အပေါ်မှ ညှစ်ချပါ။

MyFood Myanmar