ဟင်းထုပ်ဆိုရင် ရှမ်းတောင်တန်း နဲ့ဆက်စပ်နေတဲ့ ဒေသကလူတွေ နှစ်သက်သလို ငါးပေါင်းထုပ်လို့ ဆိုပြန်ရင်တော့ မွန် ၊ ကရင်ပြည်နယ်က လူတွေရဲ့ အသည်းစွဲပါပဲ ။  အမယ်စုံ ပါဝင်လေ စားကောင်းလေမို့ ဒီလို ဟင်းမျိုး ချက်မယ်ဆို အလုပ်ရှုပ် ပါတယ်။  ချက်လို့ ပြီးရင်လည်း ပင်ပန်းတာနဲ့ တန်အောင် ထမင်းမြိန် စေတာမို့ ဘယ်အချိန် စားစား ရိုးမသွားတဲ့ ဟင်းတခွက်လည်း ဖြစ်နေပါတယ်။  အခုလို မိုးဦးကျဆိုရင် မှိုတွေလည်း ပေါ်ချိန် ၊ မျှစ်စို့တွေကလည်း စားချင်စရာ ပေါနေချိန်မှာ ငရုပ်သီး စပ်စပ်နဲ့ ငါးပေါင်းထုပ်လေးကို ဗူးသီးဟင်းခါး ထမင်းပူပူလေးနဲ့ စားရအောင် ပြန်လည် တင်ဆက် လိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ငါး – ၁၅ ကျပ်သား (ကြိုက်နှစ်သက်ရာ)
  • ငှက်ပျောဖူး – ၁ ဖူး
  • ဂေါ်ရခါးသီး – ၁ လုံး
  • ကြက်သွန်နီ အနေတော် – ၅ လုံး
  • မျှစ် – ၁ စည်း
  • မှို – နှစ်သက်သလောက်
  • စပါးလင် – ၂ ဥ
  • ကြက်သွန်ဖြူ – ၁ ဥ
  • ဂျင်း – လက်တဆစ်
  • ဆိတ်ဖူး – ၅ ဥ
  • ပဒဲကော – လက်မ လက်သည်းခွံခန့်
  • ဆန်စိမ်းမှုန့် – ၅ ကျပ်သား
  • ရဲယိုရွက် – ၂ စည်း
  • နနွင်း – အနည်းငယ်
  • ငရုတ်သီးမှုန့် (အရောင်တင်) – ၁ ဇွန်း (လက်ဖက်ရေဇွန်း)
  • ငရုတ်သီး ခွဲကြမ်း (အစပ်) – ၁ ဇွန်း (ထမင်းစားဇွန်း)
  • စိမ်းစားငပိ – ကွမ်းသီးလုံးခန့်
  • ဆီ – ၂ ကျပ်ခွဲသား
  • ဆား – အနည်းငယ်
  • ငှက်ပျောရွက် – ၁ စည်း
  • သွားကြားထိုးတံ/တုပ်ချွန်တို – ၇ ခု

ပြုလုပ်နည်း

  1. ငါးကို သန့်စင်ပြီး ၇ တုံး ရအောင် တုံးကာ ဆား ၊ နနွင်း တို့ဖြင့် နယ်ပြီး နှပ်ထားပါ ။ ငှက်ပျောဖူးကို ရေထဲ ဆားထည့်၍ ပါးပါး လှီးထားပါ။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး တခြမ်း ၅ စိတ် စိတ်ထားပါ ။ မျှစ်ကို အမျှင် ခြစ်ပြီး ရေညှစ်ထားပါ။ မှိုကို သန့်စင်ပြီး အနေတော် နွှာထားပါ ။
  2. ဂေါ်ရခါးသီးကို အခွံခွာပြီး အချောင်း သေးသေး လှီးထားပါ (သို့) အမျှင် လေးများ ခြစ်၍ရသော ဓားဖြင့် ခြစ်ထားပါ။ စပါးလင် ၊ ဂျင်း ၊ ဆိတ်ဖူး ၊ ကြက်သွန်ဖြူ ၊ ပဒဲကော တို့ကို ညက်အောင် ရော၍ ထောင်းထားပါ။
  3. ငှက်ပျောရွက်ကို အနေတော် ပိုင်းထားပြီး ပျော့အောင် ရေနွေးဖျော၍ ဖုန်စင်အောင် သုတ်ထားပါ ။ ရဲယိုရွက်ကို အနေတော် ပြင်ထားပါ ။ ပြီးလျှင် အထက်ပါ ပြင်ဆင် ထားသော ပစ္စည်း များကို ဇလုံတခု ထဲတွင် ငါးမှ လွဲ၍ ကျန်သော အမယ် များထည့်ပါ ။
  4. ဆီ ၊ ဆား ၊ ငရုတ်သီးမှုန့် ၊ငါးပိ ၊ ဆန်မှုန့် နှင့်ရေကို အနည်းငယ် ထည့်ပါ ။ ရောသမ မွှေပါ ။ အစပ် ကြိုက်လျှင် ငရုတ်သီးမှုန့် စပ်စပ် ထည့်ပါ ။ အနေတော် ပိုင်းထားသော ငှက်ပျောရွက်ကို ယူပါ ။ အပေါက် မပါစေရ ။ ရဲယိုရွက် ခင်းပါ ။ ငါးတစ်တုံးကို တင်ပါ ။
  5. ရောနယ်ထားသော အစာများ ထည့်ပါ ။ ငှက်ပျောရွက် ထိပ်ကို လုံအောင်ပိတ်ပြီး သွားကြားထိုးတံ ဖြင့်ပိတ်ပါ။ ပေါင်းအိုးထဲ သို့စီထည့်ပါ ။ အငွေ့လုံအောင် ပိတ်ပြီး မိနစ်၂၀ (သို့) နာရီဝက် ပေါင်းပေးပါ ။ ကျက်လျှင် ထမင်းပူပူဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ ။

** ဂေါ်ရခါးသီး အစား ဗူးသီးကို ပါးပါးလှီးထည့်လည်း ရပါသည် ။ လုံးဝ မထည့်လည်း ရပါသည် ။ ဗူးသီးထည့်သော ငါးပေါင်းထုပ်က ကရင်ပြည်နယ် စတိုင် ပါရှင့် ။ ငါး မထည့်လိုလျှင် ပုစွန် ဗော့ချိတ်နှင့်လည်း ထုပ်နိုင်ပါသည် ။ ပုစွန် ထည့်လျှင်တော့ အစာ အားလုံး ရောမွှေစဉ်မှာ ပုစွန်ထည့်ပြီး ရောမွှေ ရပါမယ် ။‪ ‎ရဲယိုရွက်‬ မရလျှင်လည်း ၎င်းမပါဝင်ပဲ ထုပ်လို့ရပါသည် ။

ဆိတ်ဖူးနှင့် ပဒဲကော သည်အနံ့ ပိုကောင်းမွန် စေရန် ထည့်ရ ပါသည် ။ အလွယ် မရနိုင်လျှင် စပါးလင် ၊ ဂျင်းစိမ်း တို့ဖြင့်သာ ပြုလုပ်နိုင်ပါသည် ။ အစပ် မစားနိုင်သူနဲ့ သားသားမီးမီး တို့အတွက် ဆိုရင်တော့ ငရုတ်သီး ခွဲကြမ်းကို သူတို့အတွက် ထုပ်ပေးပြီးမှ ပြန်ရော လိုက်လို့ ရပါသည် ။

Credit: မိုးကောင်းကင်