ငါးခူ (သို့) ငါးရံ့ နှင့် ဆန်လှော်ဟင်း ချက်လို့ ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခူ (သို့) ငါးရံ့
  • ဆန်
  • စပါးလင်
  • ပင်စိမ်းရွက်
  • ငရုတ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငံပြာရည်
  • ငရုတ်သီး အရောင်တင်မှုန့်
  • နနွင်းမှုန့်
  • အသားမှုန့်
  • ဆား
  • ဆီ
  • ရေ

ပြုလုပ်နည်း

ငါးခူ အကောင်တွေကို ရေဆေးပြီး အကွင်းလေးတွေ တုံးပါ။ ပြီးလျှင် ဆား ၊ အသားမှုန့် ၊ နနွင်းမှုန့် နှင့် နယ်ကာ ငါးများကို မီးကင်ပေးပါ။ အကောင်လိုက် မီးကင်လျှင်လည်း ရပါတယ် ။ တချို့က ငါးများကို အကောင်လိုက် မီးကင်၍ နွှင်ပြီးလည်း ချက်ပါတယ်။

ငါးကို မီးကင်ပြီး ချက်လျှင် ငါးညှီနံ့ ပြောက်ကာ အရသာ ကောင်းမွန်ပြီး ပိုမွှေးပါတယ်။ ထို့နောက် ဆန်ကို လက်တစ်ဆုပ်စာလောက် ၁၅ မိနစ်ခန့် ရေစိမ်ပြီး ၊ ရေပြန်စစ် ထားပါ ။ ရေများ ခြောက်သွားပြီ ဆိုလျှင် ဆန်ကို ရွှေရောင်သန်းအောင် လှော်ပြီး မညက်တညက် ထောင်းထားပါ ။

ပြီးလျှင် ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ စပါးလင်နှင့် ငရုတ်သီးစိမ်း တို့ကို အိုးထဲသို့ ဆီသင့်ရုံ ထည့်ကာ နနွင်းဖြင့် ဆီသတ်ပါ ။ ကြက်သွန်ကြော်နံ့ မွှေးလာပါက ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ် ထည့်ပြီးမွှေပါ ။ ငရုတ်သီး အရောင်တင်မှုန့် မထည့်ပဲ နနွင်း အရောင်လေးနဲ့ ချက်လည်း ရပါတယ် ။

ထို့နောက် ထောင်းထားသော ဆန်လှော်များကို ထည့်ကာ မွှေပြီးလျှင် ငံပြာရည်နှင့် ရေ အနည်းငယ် ထည့်ကာ ဆန်လှော်များ ပွပြီး ကျက်လာသည်အထိ တည်ထားပါ။ ဆန်လှော်များ ကျက်ပြီး ပွက်ပွက် ဆူလာလျှင် ဓားပြားရိုက် ထားသော စပါးလင်နှင့် ကင်ထားသောငါးများကို ထည့်ပြီးအသာမွှေပေးပါ ။

ဆန်လှော်ဟင်းလေးကို အရည်သောက် ကျဲကျဲလေးကြိုက်လျှင် ငါး အချိန်အဆ ပေါ်မူတည်၍ ရေကို လိုသလောက် အသင့်အတင့် ထည့်ကာ ငါးများကို တဖက်သို့ ဖြေးဖြေး လှန်ပေးပါ။

ပွက်ပွက်ဆူပြီး ငါးများ နှင့် ဆန်လှော်များ ကောင်းကောင်း ကျက်ပြီဆိုလျှင် အပေါ့အငံ မြည်း၍ ပင်စိမ်းရွက် အုပ်ပါ ။ ကင်ထားသော ငါးနံ့ မွှေးမွှေး နှင့် ဆန်လှော်နံ့ လေးများ မွှေးပျံ့ပြီး အရသာ အလွန် ကောင်းမွန်သော ပင်စိမ်းနံ့ သင်းသင်း နှင့် ငါးခူ ဆန်လှော်ဟင်း သုံးဆောင်လို့ ရပါပြီ။

Credit: ဒေါ်ပုလက်ရာ