ရှမ်းပြည်သွားရင်ပဲဖြစ်ဖြစ်၊ တခါတလေသူငယ်ချင်းတွေနဲ့ထိုင်ဖို့ ရှမ်းဆိုင်ရောက်သွားတဲ့အခါဖြစ်ဖြစ် စားလေ့ရှိတဲ့ ငါးထမင်းနယ်ကို ဒီတစ်ခါမှာတော့ အရသာရှိရှိနဲ့ အိမ်မှာချက်စားကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
- ငါးရံ့ – ၃၀သား
- ထမင်း – ၆ ယောက်စာ (အအေးခံထားပါ)
- ခရမ်းချဉ်သီး – ၁၈ လုံး (ပြုတ်ထားပါ)
- အာလူး အကြီး – ၃ လုံး (ပြုတ်ထားပါ)
- ဂျင်း – လက်တဆစ် (ထုထားပါ)
- ကြက်သွန်ဖြူ – ၅ မွှာ (ဓါးပြား ရိုက်ထားပါ)
- ဆား – အနည်းငယ်
- ပဲပုတ်ချပ် – ၂ ချပ် (မီးကင်၍ အမှုန့်ဖြစ်အောင် ထောင်းထားပါ)
- ကြက်သွန်ဖြူဆီချက်
- ငရုတ် အကျက်မှုန့် ဆီကြော်
- ငရုတ်ခြောက်တောင့်ကြော်
- ကြက်သွန်မြိတ် – ပါးပါးလှီးထားပါ
- ဂျုးမြစ်
- ကြက်သွန်ဖြူ
- သံပုရာသီး /ရှောက်သီး
- ကြွမုန့်ကြော်
ပြုလုပ်နည်း
- ငါးရံ့ကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဆား တို့နှင့် ရေကို မြုပ်ရုံ ထည့်၍ ပြုတ်ပါ ။ ငါးကျက်လျင် အအေးခံ၍ အသားနွှာပါ။ ခရမ်းချဉ်သီးကို ပြုတ်၍ ခရမ်းချဉ်သီးများ အပေါ်ခွံ ကွဲသွားလျင် ရေထဲမှ ထုတ်၍ အအေးခံထားပါ။ အေးသွားလျင် အပေါ်ခွံများကို ခရမ်းချဉ်သီး အရည်အိုးထဲသို့ ပြန်ထည့်ပါ။
- ဇကာထဲတွင် ခရမ်းချဉ်သီးများ ထည့်၍ ပန်းကန်လုံးကို အောက်မှခံပြီး ခရမ်းချဉ်သီး အနှစ်များကို တိုက်ချပါ။ ပြုတ်ထားသော အာလူးကို အကွင်းလိုက် ခပ်ထူထူ လှီးထားပါ။ လင်ဗန်း ကြီးကြီးထဲတွင် ထမင်း ၊ ငါး ၊ အာလူး ၊ ခရမ်းချဉ်သီး အနှစ် နှင့် ဆားကို လက်ဖမိုးနှင့် ဖိ၍ သမအောင် ရောနယ်ပါ။
- ပြီးလျင် အရသာ အပေါ့အငံ မြည်းပြီး ငါးထမင်းနယ် အလုံးလေးဖြစ်အောင် လုံးပါ။ စားတော့မည်ဆိုလျင် ငါးထမင်းနယ်ကို ပြားလိုက်ပြီး ငါးထမင်းနယ် ပေါ်တွင် ကြက်သွန်ဖြူဆီချက် နဲနဲ ၊ ငရုတ် အကျက်မှုန့် ဆီကြော် ၊ ကြက်သွန်မိတ် ၊ ပဲပုတ်မှုန့် ၊ သံပုရာသီး ညှစ်၍ စားပါ။
- ငါးထမင်းနယ်ကို ဂျုးမြစ် ၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်ကြော် ၊ ကြွေမုန့်ကြော် တို့နှင့် တွဲဖက်၍ စားနိုင်ပါသည်။
- ဟင်းရည်ကို ငါးပြုတ်ရည် နှင့် ခရမ်းချဉ်သီး ပြုတ်ရည်တို့ကို ပေါင်း၍ တည်ပြီး သောက်ခါနီးတွင် ပဲပုတ်မှုန့် နှင့် ပူတီနံကို ခပ်ပါ ။ ရှမ်းပြည်တွင် ဟင်းရည်ထဲတွင် ဆေးခါးမှုန့် အနည်းငယ် နှင့် ခရမ်းကစော့သီးကို ထည့်ပါသည်။
MyFood Myanmar