ရှမ်းပြည်သွားရင်ပဲဖြစ်ဖြစ်၊ တခါတလေသူငယ်ချင်းတွေနဲ့ထိုင်ဖို့ ရှမ်းဆိုင်ရောက်သွားတဲ့အခါဖြစ်ဖြစ် စားလေ့ရှိတဲ့ ငါးထမင်းနယ်ကို ဒီတစ်ခါမှာတော့ အရသာရှိရှိနဲ့ အိမ်မှာချက်စားကြည့်ကြမယ်

ပါဝင်ပစ္စည်းများ

  • ငါးရံ့ – ၃၀သား
  • ထမင်း – ၆ ယောက်စာ (အအေးခံထားပါ)
  • ခရမ်းချဉ်သီး – ၁၈ လုံး (ပြုတ်ထားပါ)
  • အာလူး အကြီး – ၃ လုံး (ပြုတ်ထားပါ)
  • ဂျင်း – လက်တဆစ် (ထုထားပါ)
  • ကြက်သွန်ဖြူ – ၅ မွှာ (ဓါးပြား ရိုက်ထားပါ)
  • ဆား – အနည်းငယ်
  • ပဲပုတ်ချပ် – ၂ ချပ် (မီးကင်၍ အမှုန့်ဖြစ်အောင် ထောင်းထားပါ)
  • ကြက်သွန်ဖြူဆီချက်
  • ငရုတ် အကျက်မှုန့် ဆီကြော်
  • ငရုတ်ခြောက်တောင့်ကြော်
  • ကြက်သွန်မြိတ် – ပါးပါးလှီးထားပါ
  • ဂျုးမြစ်
  • ကြက်သွန်ဖြူ
  • သံပုရာသီး /ရှောက်သီး
  • ကြွမုန့်ကြော်

ပြုလုပ်နည်း

  1. ငါးရံ့ကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဆား တို့နှင့် ရေကို မြုပ်ရုံ ထည့်၍ ပြုတ်ပါ ။ ငါးကျက်လျင် အအေးခံ၍ အသားနွှာပါ။ ခရမ်းချဉ်သီးကို ပြုတ်၍ ခရမ်းချဉ်သီးများ အပေါ်ခွံ ကွဲသွားလျင် ရေထဲမှ ထုတ်၍ အအေးခံထားပါ။ အေးသွားလျင် အပေါ်ခွံများကို ခရမ်းချဉ်သီး အရည်အိုးထဲသို့ ပြန်ထည့်ပါ။
  2. ဇကာထဲတွင် ခရမ်းချဉ်သီးများ ထည့်၍ ပန်းကန်လုံးကို အောက်မှခံပြီး ခရမ်းချဉ်သီး အနှစ်များကို တိုက်ချပါ။ ပြုတ်ထားသော အာလူးကို အကွင်းလိုက် ခပ်ထူထူ လှီးထားပါ။ လင်ဗန်း ကြီးကြီးထဲတွင် ထမင်း ၊ ငါး ၊ အာလူး ၊ ခရမ်းချဉ်သီး အနှစ် နှင့် ဆားကို လက်ဖမိုးနှင့် ဖိ၍ သမအောင် ရောနယ်ပါ။
  3. ပြီးလျင် အရသာ အပေါ့အငံ မြည်းပြီး ငါးထမင်းနယ် အလုံးလေးဖြစ်အောင် လုံးပါ။ စားတော့မည်ဆိုလျင် ငါးထမင်းနယ်ကို ပြားလိုက်ပြီး ငါးထမင်းနယ် ပေါ်တွင် ကြက်သွန်ဖြူဆီချက် နဲနဲ ၊ ငရုတ် အကျက်မှုန့် ဆီကြော် ၊ ကြက်သွန်မိတ် ၊ ပဲပုတ်မှုန့် ၊ သံပုရာသီး ညှစ်၍ စားပါ။
  4. ငါးထမင်းနယ်ကို ဂျုးမြစ် ၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်ကြော် ၊ ကြွေမုန့်ကြော် တို့နှင့် တွဲဖက်၍ စားနိုင်ပါသည်။
  5. ဟင်းရည်ကို ငါးပြုတ်ရည် နှင့် ခရမ်းချဉ်သီး ပြုတ်ရည်တို့ကို ပေါင်း၍ တည်ပြီး သောက်ခါနီးတွင် ပဲပုတ်မှုန့် နှင့် ပူတီနံကို ခပ်ပါ ။ ရှမ်းပြည်တွင် ဟင်းရည်ထဲတွင် ဆေးခါးမှုန့် အနည်းငယ် နှင့် ခရမ်းကစော့သီးကို ထည့်ပါသည်။

MyFood Myanmar