ငါးပြေမကို မန်ကျည်းသီးလေးနဲ့ အအီပြေချက်ကြရအောင်နော်။ ငါးပြေမက အရိုးများတယ်ဆိုပေမယ့်လည်း စားရတာခံတွင်းလိုက်တာကြောင့် အများစုက နှစ်နှစ်ခြိုက်ခြိုက်စားကြပါတယ်။

ပါဝင်ပစ္စည်းများ

ငါးပြေမ – ၃၀ကျပ်သား

ကြက်သွန်နီ – ၁လုံး

ကြက်သွန်ဖြူ – ၅တက်

ခရမ်းချဉ်သီး – ၃လုံး

ငရုတ်ခြောက်တောင့် – ၅တောင့်ခန့်

မန်ကျည်းသီး မှည့် – အနည်းငယ်

နံနံပင် (သို့) ရှမ်းနံနံ – လိုအပ်သလို

ဆား

ဆီ

ဟင်းခတ်မှုန့်

နနွင်းမှုန့်

ရှာလကာရည်

ငါးငံပြာရည်

ပြင်ဆင်ချက်ပြုတ်နည်း

ငါးပြေမကို အကြေးထိုး သန့်စင်ပြီး ဆူးတောင်၊ ပါးဟပ်တွေကို ဖယ်ထုတ်ပစ်ပါ။ ငါးပြေမဟာ ရွှံ့လူးငါးဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓားနဲ့မမွှန်းခင်မှာ ရွှံ့ရည် အနံ့ပျောက်အောင် ရှာလကာရည်အနည်းငယ်ဖြင့် ပွတ်ပြီး ဆေးကြော ပေးပါ။

ရှာလကာရည်နဲ့ နယ်ဆေးပြီး ရေစစ်ပြီဆိုပါမှ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့် အနည်းငယ်တို့ဖြင့်နယ်ပြီး (၁၀)မိနစ်ခန့် အရသာနှပ်ထားပါ။ ကြက်သွန်နီ/ ဖြူ၊ ငရုတ်ခြောက်တောင့် တို့ကို ညှက်နေအောင် ထောင်းပါ။

ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးပါ။ မန်ကျည်းသီးမှည့်ကို ရေနွေးစိမ်ထားပေးပါ။ ဒယ်အိုးတစ်လုံး အောက်ခြေမှာ ထောင်းထားသော အရောကို ဖြန့်ထည့်ပါ။ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်၊ နနွင်း ၊ အရောင်တင်မှုန့်အနည်းငယ်တို့ဖြင့် ဖြည့်စွက်ပါ။ အပေါ်မှလှီးထားသော ခရမ်းချဉ်သီးတွေ အုပ်ထည့်ပေးပါ။

ဒယ်အိုး ပတ်ပတ်လည်ကို ဆီ အနည်းငယ် လောင်းထည့်ပြီး အဖုံးပိတ်ကာ အနှစ်ကျသည် အထိချက်ပါ။ အနှစ်ကျပြီဆိုမှ အရသာ နယ်ထားတဲ့ ငါးတွေ ထည့်ကာ အဖုံးပိတ်ပြီး ချက်ပါ။ မမွှေရအောင် မီးအရှိန်ကို လျှော့ချထားဖို့ လိုအပ်ပါမယ်။

ငါးအသား ၃ပုံ ၂ပုံလောက် ကျက်ပြီဆိုမှ မန်ကျည်းမှည့်ရည်နှင့် နံနံပင် (သို့) ရှမ်းနံနံကို လိုအပ်သလောက် ထည့်ပြီး အဖုံးပိတ်ရေခမ်း၊ ဆီပြန်လာသည်အထိ ပြန်ချက်ပေးပါ။

Credit: ဟင်းချက်နည်းများ