ပါဝင်ပစ္စည်းများ

  • ငါးခူ   –  ၅၀ ကျပ်သား (ကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး)
  • ငါးပိကောင်  –  နှစ်ကောင် (ကြိုက်နှစ်သက်ရာ ငါးပိကောင်)
  • ဆီ  –   နှစ်ဆယ်ကျပ်သား
  • ကြက်သွန်နီ အနေတော်အရွယ်   –  ၂၁ လုံး
  • ကြက်သွန်ဖြူ   –  ၆ ဥ
  • ဂျင်း   –  လက်တစစ်
  • စပါးလင်   –  ၇ ချောင်း
  • ငရုတ်သီးခြောက်   –  ၅ တောင့်
  • ဆား    –   အသင့်အတင့်
  • * နနွင်းမှုန့်   –  အသင့်အတင့်
  • ထန်းညက်ခဲ  –   နှစ်ခဲ
  • ဘဲဥ (သို့) ကြက်ဥ   –   ၈ လုံး
  • ငရုတ်ကောင်းမှုန်  –    ဇွန်းတဝက် ( လဘက်ရည်ဇွန်း)
  • ဆန်အကျက်မှုန့်   –   တဝက် ( နို့ဆီဗူး )
  • အကျက်မှုန့်   –  သုံးပုံ တပုံ ( နို့ဆီဗူး )
  • ရွှေကြည် အကျက်မှုန့်   –  သုံးပုံ တပုံ ( နို့ဆီဗူး )
  • ငံပြာရည်   –   နှစ်ဆယ်ငါးကျပ်သား
  • ငှက်ပျောအူ   –   ၆ လက်မလောက်

ပြုလုပ်နည်း

မုန့်ဟင်းခါးချက်ရန်အတွက် ကြိုက်နှစ်သက်ရာ ငါးတစ် မျိုးမျိုးနဲ့ ချက်လို့ ရပါတယ်။ ငါးခူ ၊ ငါးကျည်းနှင့် ချက်လျှင်တော့ မုန့်ဟင်းခါး ဟင်းရည် အရသာ ပိုကောင်းပါတယ် ။  အချိုလေးပြီး ပိုမွှေး ပါတယ်။

ပထမဦးဆုံး ငါးခူကို ဆားနဲ့ပွတ် ရေစင်အောင် ဆေး၍ ငါးခူကို မညှီအောင် ခေါင်းကနေ  မီးညှပ်နဲ့ညှပ်ကာ ရေနွေးပွက်ပွက် ဆူဆူ နေသော အိုးထဲသို့ ဆတ်ခနဲနှ စ်ပြီး ဆတ်ခနဲ ပြန်ထုတ်လိုက်ပါ ။  ငါးခူရဲ့ အညှီ အနံ့လည်း ပြောက်ပြီး အရိအရွဲတွေလည်း အကုန်စင်ကုန်ပါမည်။

ပြီးလျင် ငါးပြုတ်မည့် အိုးထဲသို့  ငါးခူ ၅၀ သား ၊ ငါးပိကောင် နှစ်ကောင် ၊ဆား ၊ ထန်းညက်ခဲ နှစ်ခဲလောက် ၊ ထုထားသော စပါးလင် သုံးချောင်းလောက် ၊ နနွင်းမှုန့်နည်းငယ် ၊ငံပြာရည်ကို ငါးမြုတ်နေအော င်ထည့်၍ ရေကို လက်ဘက်ရည်ခွက် တစ်ခွက်စာထည့်ကာ ပွက်ပွက် ဆူအောင် တည်ပါ။

ထန်းညက်ခဲ ထည့်ပြီး ငါးပြုတ်လျှင် အချိုလေးပြီး ဟင်းချိုမှုန့်များ ထည့်စရာ မလိုသလို မုန့်ဟင်းခါးဟင်းရည် အရသာလည်း ပိုပြီး ကောင်းပါသည်။ ငါးများ ပွက်ပွက် ဆူလာပြီး ငါးပြုတ်နံ့ မွှေးလာပြီဆိုရင် ပန်းကန် တစ်ခုထဲသို့ ငါးများကိုဆယ်ပြီး အအေးခံထားပြီးမှ အရိုးများကို နွှင်ပါ။

အရိုးများကို ထောင်းပြီး အဝတ်ပါးနှင့် အရည် စစ်ချပါ။ ဘဲဥ (သို့) ကြက်ဥ ၈ လုံးလောက် ပြုတ်၍ အခွံများ ခွါထားပါ။ ကြက်သွန်နီ ၄ လုံးနှင့် ကြက်သွန်ဖြူ ၃ ဥတို့ ကိုပါးပါးလှီးပြီးကြော်ကာ ဇကာနှင့် ဆီ စစ်ထားပါ။

ထို့နောက် ညက်အောင် ထောင်းထားသော ဂျင်း လက်တစစ် ၊စ ပါးလင် ၂ ချောင်း ၊ ကြက်သွန်နီ ၇ လုံး ၊ ကြက်သွန်ဖြူ ၃ ဥ ၊ ငရုတ်သီးခြောက် ၅ တောင့် တို့ကို နနွင်း အနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်များ ရဲလာပြီး ရွှေရောင်သန်း လာပါက နွှင်ထားသော ငါးများကိုလည်း ထည့်ပြီး မွှေပေးပါ။ ငရုတ်ကောင်းမှုန့် လက်ဘက်ရည်ဇွန်း တဝက်လောက် ထည့်ပြီး မွှေပါ။ ငါးအနံ့မွှေးလာလျှင် ငါးပြုတ်ထားသော အရည်များကို ထည့်ပြီး မွှေပေးပါ။

ပြီးလျှင် ဆန်အကျက်မှုန့်  နို့ဆီဗူး တဝက် ၊ ပဲအကျက်မှုန့် နို့ဆီဗူး သုံးပုံ တပုံ ၊ ရွှေကြည် အကျက်မှုန့် နို့ဆီဗူး သုံးပုံ တပုံ အားလုံးကို ရေနှင့် ရောဖျော်၍ ဟင်းရည်အိုး ထဲသို့ ထည့်ပြီး မွှေပါ။ ရေကိုလည်း ပန်းကန်လုံး လေးလုံးစာလောက် ထည့်ပေးပါ။ ဟင်းရည်ပျစ်နေသေးရင် ရေကိုမှန်းပြီး ထပ်ထည့်ပေးပါ။

အိုးဘဲဥအတွက် ဘဲဥ (သို့) ကြက်ဥ ၄ လုံး အလုံးလိုက်ကို အခွံနွှာပြီး ဟင်းရည်အိုးထဲ ထည့်ထားပါ။ ကျန် ၄ လုံးကို ပါးပါးလှီးပြီး ထည့်ပါ ။စပါးလင် ၂ ချောင်းလောက် ထုပြီး ထည့်ပေးပါ

ကြက်သွန်နီဥသေး ၁၀ လုံး လောက် ခွါထားပါ။ ငှက်ပျောအူ ၆ လက်မလောက်ကို မထူမပါး လှီးပြီး ရေစိမ်ထားပါ။ ဆန်မှုန့်အနှံ့များ ပြောက်ပြီး ဟင်းရည်များ ပွက်ပွက် ဆူလာလျှင် မြည်းကြည့်၍ ဆား ၊ ငံပြာရည်လိုအပ်လျှင် ထည့်ပေးပါ။ မကြာခဏ မွှေမွှေပေးပါ။

မုန့်ဟင်းခါးဟင်းရည်က ကြာကြာတည်လေ ပိုကောင်းလေ ဖြစ်တဲ့အတွက် မီးအေးအေးနှင့် ပဲ ၊ ရွှေကြည်နှင့် ဆန်နှစ်များ ကျ၍ အတော် ကြာကြာ ဆူပြီးမှသာ ကြက်သွန်နီဥများနှင့် ငှက်ပျောအူများကို ထည့်ပေးပါ။ ဟင်းရည်များ ပွက်ပွက်ဆူလာပါက ဆီစစ်ထားသော ကြက်သွန်နီနှင့်  ကြက်သွန်ဖြူ ကြော်များ ထည့်ပြီး မွှေပေးပါ။

ကြက်သွန်နီ ဥများနှင့် ငှက်ပျောအူများနူးပြီး ကျက်လာလျှင် အပေါ့အငံမြည်းကာ အလွန် အရသာ ရှိသော ငါးခူနဲ့ ချက်သည့် မုန့်ဟင်းခါး ဟင်းရည် ချိုချိုလေး သုံးဆောင်လို့  ရပါပြီ။

မုန့်ဟင်းခါးကို ငါးဖယ်ကြော် ၊ အိုးဘဲဥ ၊ ပဲကြော် ၊ ဗူးသီးကြော် ၊ အီကြာကွေး ၊ နံနံပင် ၊ပူစီနံ ၊ပဲသီး ၊သံပုရာသီး ၊ ငရုတ်သီးမှုန့် တို့ဖြင့် တွဲဖက်၍လည်း သုံးဆောင်နိုင်ပါတယ်။

Credit: ဒေါ်ပုလက်ရာ