ကြက်သားကြော်ကို ရိုးရိုးကြော်တာထက် ခုလို ဆွမ်းမွေးရွက်လေးနဲ့ ထုပ်ပြီး လှလှပပ ကြော်ထားတာက တမျိုး စွဲဆောင်မှု ရှိသလို ထူးခြား မွေးပျံ့တဲ့ အနံ့အရသာ ကိုလည်း ပေးပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား – ၃၀၀ဂရမ်
- ဆွမ်းမွေးရွက်ကြီးကြီး – နှစ်ပင်
- ကြက်သွန်ဖြူ -နှစ်မြောင်းသေးသေးစိတ်
- ငရုပ်ကောင်းဖြူ – လ္ဘက်ဇွန်း တဝက်
- နံနံမြစ် – နှစ်ပင်သေးသေးစိတ်
- နံနံစေ့အမှုန့် – လ္ဘက်ဇွန်း တဝက်
- ယိုးဒယားငံပြာရည် – စားပွဲတင်ဇွန်းတဝက်
- ပဲငံပြာရည် – စားပွဲတင် ဇွန်းတဝက်
- ခရုဆီ – စားပွဲတင်ဇွန်း တဝက်
- နှမ်းဆီမွေး – စားပွဲတင် တစ်ဇွန်း
- ကြက်သားမှုန့် – လ္ဘက်ဇွန်းတစ်ဇွန်း
ပြုလုပ်နည်း
- ကြက်သားကို ရေဆေး သန့်စင်ကာ အတုံးသေးသေး တုံးထားပါ။ ဆွမ်းမွေးရွက်ကို အရင်းမှ ဖြတ်ကာ ရေဆေး သန့်စင် ထားပါ။
- ပန်းကန်တခုတွင် ကြက်သားကို ထည့်ပြီး ပါဝင်ပစ္စည်းများ ထည့်ကာ ၁၀မိနစ်ခန့်နှပ်ထားပါ။ အားလုံး အဆင်သင့် ဖြစ်ပါက ဆွမ်းမွေးရွက်၏ အဖျားမှ ကိုင်ကာကတော့ ပုံစံခေါက်ပေးပါ။
- ကတော့ ပုံစံခေါက်ထားသော နေရာတွင် ကြက်သားတုံး ၂ တုံးသို့ ၃ တုံး ထည့်ကာ စမူစာခေါက်နည်း အတိုင်း ထုပ်ကာ အဆုံးနား ရောက်လျှင် အစသိမ်းပြီး ကျစ်နေအောင် ဆွဲပေးပါ။
- အားလုံးပြီး သွားပါက ဆီပူပူတွင် ၂မိနစ် မှ ၃မိနစ်ချ ကြော်ပြီး ဆယ်ယူ ဆီစစ် ထားပါ။ ဆွမ်းမွေးရွက် အနံ့သင်းပျံ့ နေသော ပူပူနွေးနွေး ကြက်သား ဆွမ်းမွေးရွက်ထုပ်ကို နှစ်သက်ရာ ဆော့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။
Credit: Sofia Food Paradise