အားလုံးပဲမင်္ဂလာပါ။ကြက်သားကြော်ကို စားနေကြနဲ့မတူပဲ ကြက်သွန်ဖြူ ပျားရည်တို့နဲ့ နှပ်ပြီးမှ ပြန်ကြော်ထားတဲ့ နူးနူးအိအိကြက်သားကြော်လေးနဲ့ဆိုရင် ထမင်းမြိန်မှာအသေချာပါပဲ။ မိသားစုထမင်းဝိုင်းအတွက်ပဲဖြစ်ဖြစ် ချစ်ရတဲ့အမျိုးသားကိုအမြည်းအနေနဲ့ပြင်ဆင်ပေးရင်ပဲဖြစ်ဖြစ် သားသားမီးမီးလေးတို့ အတွက်လည်းအထူးသင့်လျော်တဲ့ ကြက်သားပျားရည်နှပ်ကြော်လုပ်နည်းလေးကိုပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်ရင်းသား (သို့မဟုတ်) ရင်ပုံ ၄၀၀ ဂရမ်
  • ပဲငံပြာရည် ၁ ဇွန်း
  • ကြက်သွန်ဖြူ ၃ မွှာ
  • ပျားရည် ၃ ဇွန်း
  • ကြက်သွန်ဖြူဆော့စ် ၁ ဇွန်း
  • ငရုပ်ကောင်းမှုန့် ဇွန်းတစ်ဝက်
  • ဆားအနည်းငယ်
  • ကြက်သွန်မြိတ် ၃ ပင်
  • နှမ်းစားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ကြက်ပေါင်ရင်သား သို့မဟုတ် ရင်ပုံကို ရေဆေးသန့်စင်ပါ။ကြက်သားကို အနေတော်အတုံးလေးတွေ တုံးနိုင်သလို နဂိုအရွှယ်အစားအတိုင်းလည်း မိမိစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ရေးဆေးသန့်စင်ပြီးရင်တော့ ကြက်သားကိုဇကာတစ်ခုအတွင်းထည့်ကာ ရေစစ်ထားပါ။

(၂) ဆက်လက်ပြီး ကြက်သွန်ဖြူကိုနုပ်နုပ်ဆင်းရပါမယ်။ထို့နောက်ဇလုံတစ်ခုအတွင်းရေစစ်ထားတဲ့ကြက်သားတုံးတွေရယ် ပျားရည် ၃ ဇွန်း နုပ်နုပ်ဆင်းထားတဲ့ကြက်သွန်ဖြူ ဆားအနည်းငယ် ငရုပ်ကောင်း ကြက်သွန်ဖြူဆော့စ်အနှစ်တို့ကိုထည့်ကာ သမအောင်နယ်ပေးရပါမယ်။

(၃) ကြက်သားထဲကိုအရသာဝင်အောင်သေချာလက်နဲ့ဆုပ်ပြီး နယ်ပေးဖို့လိုပါတယ်။ပြီးရင်တော့ ၃ နာရီခန့် ရေခဲသေတ္တာထဲ တွင်ထည့်၍ နှပ်ထားလိုက်ပါ။ အချိန်ကြာကြာနှပ်ထားခြင်းအားဖြင့် ကြက်သားထဲကိုအရသာစိမ့်ဝင်ပြီး ပျားရည်နဲ့ နှပ် ထားတာဖြစ်တာကြောင့်အသားကပိုမိုနူးညံ့နေမှာဖြစ်ပါတယ်။

(၄) အချိန်စေ့ပြီဆိုရင်တော့ အရင်ဆုံးမီးဖိုပေါ်မှာ ဒယ်အိုးတည်ပြီး ဆီထည့်ကာအပူပေးရပါမယ်။ဆီကိုကြက်သားတုံးမြုပ် လောက်တဲ့အထိ ခန့်မှန်းပြီးထည့်ပေးရပါမယ်။ဒါမှလည်းအပေါ်ယံကြောလေးတွေကြွပ်ပြီးအတွင်းထဲက အသားကနူးညံ့ကာစားလို့ကောင်းမှာဖြစ်ပါတယ်။

(၅) ဆီဆူလာနဲ့ကြက်သားတုံးတွေကိုထည့်၍ ကြော်ပေးရပါမယ်။ မိနစ် ၂၀ ခန့်ကြော်ပြီး ကြက်သားတုံးလေးတွေရဲ့အပေါ်ယံကြောလေးတွေက ရွှေအိုရောက်ပြောင်းလာပြီဆိုရင်တော့ အိုးထဲကဆယ်ပြီး ဇကာတစ်ခုအတွင်းထည့်ကာဆီစစ်ထားပေးပါ။ထို့နောက်ကြိုက်နှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်ပြီး အရံသင့်လှီးထားတဲ့ ကြက်သွန်မြိတ် နှမ်းစေ့လေးတွေ ဖြူးလိုက်မယ်ဆိုရင် အရမ်းကိုအရသာရှိလှတဲ့ နူးနူးအိအိ ကြက်သားပျားရည်နှပ်ကြော်လေးကိုသုံးဆောင်လို့ရပြီဖြစ်ပါတယ်။

Source : Lillunab