ချက်ရတာလဲ လွယ်ကူပါတယ်။ စားရတာလည်း မြိန်တယ်။ ဆီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလေးပါ။  မျှစ်က ဈေးထဲကနေ ပြုတ်ထားပြီးသား နည်းနည်းကြီးတဲ့ အရွယ်လေးတွေ ရွေးဝယ်ခဲ့ပြီး အိမ်ကျ တစ်ရေပြန် ပြုတ်လိုက်တယ်။ ပြီးမှ ဓါးခြမ်းခွဲလိုက်ပြီး ခရင်းနဲ့ဖြစ်ဖြစ် အမျှင်ဖြစ်အောင် အရင်းကို နည်းနည်း ချန်ပြီး ခြစ်လိုက်တယ်။ ကဲ မိတ်ဆွေတို့ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

မျှစ်ပြုတ် – အရွယ်ကြီး

ငရုတ်သီးစိမ်းအတောင့်ကြီး – ၅ တောင့်

ကြက်သွန်ဖြူ – ငါးမွှာ

ကြက်သွန်နီအကြီး – တစ်လုံး

ဆား

အချိုမှုန့်

နံနံပင် – အနည်းငယ်

ဆီ

ပြင်ဆင်ပြုလုပ်နည်း

မျှစ်ပြုတ်ပြီးသား နည်းနည်းကြီးတဲ့ အရွယ်ကို ဓါးခြမ်းခွဲလိုက်ပြီး ခရင်းနဲ့ဖြစ်ဖြစ် အမျှင်ဖြစ်အောင် အရင်းကို နည်းနည်းချန်ပြီး ခြစ်လိုက်ပါ။

အစာသွပ်ဖို့ ငရုတ်သီးစိမ်းအတောင့်ကြီး ငါးတောင့်၊ ကြက်သွန်ဖြူငါးမွှာ၊ ကြက်သွန်နီအကြီးတစ်လုံးကို မီးဖုတ်ပြီး ဆား၊ အချိုမှုန့်ထည့်ထောင်း နံနံပင်လေးနည်းနည်းထည့် ရပြီဆို မျှစ်ထဲကိုထည့်ပြီး နှီးနဲ့တုတ်လိုက် နှီးမရှိတော့ အပ်ချည်ကြိုးလေးနဲ့ချည်ပြီး ဆီလေးနဲ့မီးအေးအေးနဲ့ကြော်လိုက်ပါ။

အရသာတမျိုးလေးနဲ့ ခံတွင်းတွေ့စေမယ့် ဟင်းလျာလေးတစ်မျိုးဖြစ်ပါတယ်။

Credit: Simply Coral’s Kitchen