မြန်မာ အစားအစာတွေထဲက တစ်ခုဖြစ်တဲ့ ထန်းသီးမုန့်ကို ကြားဖူးကြမှာပါ။ မုန့်အဝိုင်းပုံစံ အဝါရောင်လေးမှာ အုန်းသီးဖြူဖြူလေးတွေကို ဖြူးပြီး စားရတဲ့ မုန့်ပါ။ အနံ့ သင်းသင်းလေးနဲ့ ချိုမြမြ အရသာကြောင့် စားဖူးသူတိုင်း ကြိုက်ကြပါတယ်။ မြန်မာမှာတော့ အညာက ထန်းသီးမုန့်တွေက  နာမည်ကြီးပါတယ်။ ရေစကြို ထန်းသီးမုန့်ဆို အထက်ပိုင်းမှာ မသိသူ မရှိသလောက်ပါပဲ။

ထန်းသီးမုန့်ဟာ စီးပွားဖြစ် ထုတ်ကုန် တစ်မျိုး မဟုတ်ပေမယ့် အိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ လုပ်ကိုင်ကြပါတယ်။ နွေရာသီဟာ ဆန်စပါးနဲ့ ထန်းသီး ပေါတဲ့ အချိန်ဖြစ်လို့ ကျေးလက်တွေမှာတော့ ဒီအချိန်ဆို လုပ်စားတတ်ကြတဲ့ မုန့်တစ်မျိုးပါ။ ရှင်ပြုအလှူပွဲတွေမှာ အချိုပွဲအဖြစ် ဧည့်ခံကျွေးမွေးတဲ့ မုန့်ဖြစ်ပြီး အိမ်သစ်တက်ပွဲတွေမှာလည်း ဆောက်လုပ်ပေးတဲ့ လက်သမားတွေကို ထန်းသီးမုန့် ကျွေးရတဲ့ ဓလေ့ အညာဘက်မှာ ရှိပါတယ်။

ထန်းသီးမုန့်မှာ အဓိက ပါဝင်တာတွေကတော့

  • ဆန်မှုန့်
  • ထန်းသီးနှစ်
  • ထန်းလျက်
  • ဆား အနည်းငယ်
  • ကြက်ဥ (မထည့်လည်းရပါတယ်)

ပထမဆုံး ထန်းသီးမှည့်မှည့်ကို အခွံ့ခွာပြီး ထန်းသီးဆန်တွေကို အနှစ်တိုက်ရပါတယ်။ အနှစ်တိုက်ရာမှာ အမြုပ်ထလာတောင် တိုက်ရပါတယ်။ ဆန်ကို အမှုန့်ကြိတ်တာဖြစ်ဖြစ် ဆန်မှုန့်ကို ဖြစ်ဖြစ် သုံးလို့ရပါတယ်။ မုန့်ဆန်ရည် မပျစ်မကျဲ အနေအထားမှာ ထန်းလျက်နဲ့ ထပ်ရောရပါတယ်။

ဆားအနည်းငယ်ထည့်ပါ။ တချို့ကတော့ သကြားသုံးပါတယ်။ အညာစစ်စစ် ထန်းသီးမုန့်ကတော့ ထန်းလျက်နဲ့ပဲ လုပ်ပါတယ်။ ပြီးရင် အနှစ်တိုက်ထားတဲ့ ထန်းနှစ်နဲ့ရောစပ်ပါ။ ပြီးရင် လေလုံအောင် အဖုံးအုပ်ပြီး အနည်းဆုံး ၆နာရီထားပါ။ တချို့ကတော့ တစ်ညအိပ်ပြီး မနက်မှ လုပ်ပါတယ်။ ထန်းသီးနံ့လေး ပိုထွက်ပါတယ်။

မုန့်ရည်တွေကို အနည်းဆုံး ၆နာရီထားပြီးရင်တော့ အဝကျယ်အိုးနဲ့ ရေနွေးဆူဆူတည်ပြီး အငွေ့တွေ တက်လာရင် ဇကာ (သို့) ဇကောကို အိုးပေါ် တင်ထားရပါမယ်။ အဲ့ပေါ်မှာ ပိတ်ဝသန့်သန့်လေး ခင်းပြီး ရောထားတဲ့ ဆန်မုန့်ရည်တွေကို လောင်းလိုက်ပါ။ ရေနွေးငွေ့နဲ့ပေါင်းသလိုပါပဲ။ ပြီးရင် အုပ်စရာတစ်ခုခုနဲ့ အုပ်ထားပါ။

အငွေ့လုံစေဖို့ အုပ်ထားတဲ့ ပတ်ပတ်လည်တွေကို အဝတ်ကို ရေစွတ်ပြီး ကာထားပါ။ မိနစ် ၂၀-၂၅ မိနစ်လောက်ဆို ထန်းသီးမုန့်လေးတွေ ရပါပြီ။ စားခါးနီး အုန်းသီးကို ခြစ်ပြီး ဖြူးစားလို့ ရပါတယ်။ တချို့ကတော့ အုန်းသီးကြော်တွေ ဖြူးစားကြပါတယ်။

ရန်ကုန်မှာတော့ တချို့ဈေးတွေထဲမှာ ရောင်းပါတယ်။ ကော်ဖီလေးနဲ့ တွဲပြီး စားရတဲ့ အရသာဟာ ဆိမ့်ဆိမ့်ချိုချိုလေးနဲ့ စွဲမက်ဖွယ်ပါ။

Photo: moemoekitchen