ကိုရီးယား ထမင်းသုပ်ကို နှစ်မျိုး လုပ်စားလို့ ရပါတယ် ။
Dolsot Bibimbap (ကျောက်အိုးကို အပူပေးထားတာ) & Normal Bibimbap (ရိုးရိုးဇလုံထဲတွင် သုပ်စားတာ) နှစ်မျိုးစလုံးကို ဓာတ်ပုံနှင့် ဖော်ပြထား ပါတယ် ။ ထမင်းသုပ် ထဲကို ဘာတွေ ထည့်သုပ် စားမလဲလို့ စဉ်းစား ရပါမယ် ။ ကိုယ်ကြိုက်တာတွေ အားလုံးထည့်ပြီး သုပ်စားလို့ ရပါတယ် ။ ( မုန်လာဥနီ ၊ မုန်လာဥဖြူ ၊ မှို ၊ပဲပင်ပေါက် ၊ ငါးခြောက် ၊ ပဲပြားကြော်) မိမိ ကြိုက်နှစ်သက်ရာ အားလုံး အသုံးပြု နိုင်ပြီး ၊ မကြိုက်နှစ်သက်သည် များအား မထည့်ရန် ဖြစ်ပါတယ် ။
ပါဝင်ပစ္စည်းများ
- မုန်လာဥနီ
- မုန်လာဥဖြူ
- မှို
- ပဲပင်ပေါက်
- ငါးခြောက်
- ပဲပြားကြော်
- ကြက်သွန်ဖြူ
- ဆား
- ဟင်းခပ်မှုန့်
- နှမ်းဆီ
- (Bibimbap ထမင်းသုတ် ဆော့လုပ်ရန် – ပါဝင်ပစ္စည်းများ)
- ကိုရီးယား ချီလီဆော့ – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- နှမ်းဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- သကြား – ၁ ဇွန်း (စားပွဲတင်ဇွန်း
- 7 up အချိုရည် (အနည်းငယ်)
- နှမ်း – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ပြောင်းဖူးရည် -၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
- ကြက်သွန်ဖြူ ကြိတ်ပြီးသား – ၁ ဇွန်း
ပြုလုပ်နည်း
- မုန်လာဥနီ – အမျှင်လေးတွေ ဖြစ်အောင် ဂျစ်ဖြင့် ခြစ်ပါ ။ ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ကြက်သွန်ဖြူ ကြိတ်ပြီးသား အနည်းငယ် ထည့်ပြီး ကြော်ပါ ။ ဆား ၊ ဟင်းခပ်မှုန့်အနည်းငယ် ထည့်ပါ ။ နောက်ဆုံး နှမ်းဆီ အနည်းငယ် ဖြန်းပြီး ဇကာထဲသို့ လောင်းထည့်၍ ဆီစစ် အအေးခံ ထားပါ ။ အရမ်းနွမ်း သွားအောင် အကြာကြီး မကြော်ပါနဲ့ ၊ အနည်းငယ် နွမ်းသွားလျှင် ရပါပီ ။
- မုန်လာဥဖြူ – အပေါ်က နည်းအတိုင်း ကြော်ပါ ။ သတိထားရန်မှာ ။ နှမ်းဆီ လုံးဝမသုံးရ ၊အရောင်မဲ သွားပါလိမ့်မည် ။ ဆား ၊ ဟင်းခပ်မှုန့်ထည့် ၊ သဘာဝအတိုင်း မုန်လာဥလေး ဖြူ ဖွေးနေပါစေ ။ ဇကာထဲ ထည့် ဆီစစ် ထားပါ ။
- မှို – ကြိုက်နှစ်သက်သည့် မှိုထည့်ပါ ။ ကြက်သွန်ဖြူ နှင့် ဆား မထည့်ပါနဲ့ (မှိုအရသာပျက်ပါသည်) ဇကာထဲထည့် ၊ ဆီစစ်ထားပါ ။
- ပဲပင်ပေါက် – ကြော်စရာမလိုပါ ။ ရေနွေးထဲ ၂ မိနစ်ခန့်ထည့်ပြုတ်ပြီး ၊ ဆား ၊ ဟင်းခပ်မှုန့် ထည့် ၊ နှမ်းဆီ အနည်းငယ် ဆမ်းပြီး ပန်းကန် တစ်ခုထဲ ထည့်ထားပါ ။
- ပဲပြား – ကြိုက်လျှင် အတုံးလေးတွေ တုံးပြီး ဆီးဖြင့် ကြော်ကာ ဇကာဖြင့် စစ်ထားပါ ။ ထမင်းသုပ်ထဲသို့ မိမိ ကြိုက်နှစ်သက်သည့် ငါးမျိုး ခန့်သာ ထည့်သုပ်ရန် လိုပါသည် ။ ငါးခြောက် ကြိုက်လျှင် ထည့်နိုင်ပါသည် ။
(Bibimbap – ထမင်းသုပ် – ဆော့ ပြုလုပ်နည်း)
- ကိုရီးယား ချီလီဆော့ ၊ နှမ်းဆီ ၊ သကြား ၊ 7 up အချိုရည် ၊ နှမ်း ၊ ပြောင်းဖူးရည် ၊ ကြက်သွန်ဖြူတို့ပါဝင်ပါတယ် ။
- Bibimbap Sauce ကို ပြု လုပ်ရာတွင် ပုံတွင် ပြထားသည့် အတိုင်း ပြစ်ပြစ်လေး ပြုလုပ် ရပါတယ် ။ 7up အချို ရည်ဖြင့် အပြစ်အကြဲကို လိုသလို ပြုလုပ်သွားပါ ။
- ထို့နောက် ပုံတွင် ပြထားသည့် အတိုင်း အလှဆင်၍ စားသုံးနိုင်ပါပြီ ။
***မှတ်ချက် – အပူ ကြိုက်တဲ့ သူများက ကျောက်အိုးထဲတွင်အလှဆင်ပြီး မီးဖိုပေါ်တင် အပူပေး၍ စားသုံးနိုင် ပါသည် ။ အလယ်တွင် ထည့်သောကြက်ဥကို ၊ အကာများဖယ်ပြီး ၊ အနှစ် သီးသန့်သာ ထည့်ရ ပါမည် ။ အကာအရည်များ ပါလျှင် စားလို့ မကောင်းပါ ။ အအေးကြိုက်လျှင် ပန်းကန် တစ်ခုထဲ ထည့်ပြီး သုပ်စားနိုင်ပါသည် ။ အလွန်စား၍ ကောင်း….ရှလွတ်…..ရှလွတ် ။
Credit: ဇွဲသုသု