ကိုရီးယားစတိုင် ငါးနှပ်နည်းကတော့ တစ်ယောက်နှင့်တစ်ယောက် တူမှာတော့ မဟုတ်ပါဘူး ။  အခုဖော်ပြမည့်နည်းကတော့ အရမ်းလွယ်ကူ ရိုးရှင်းပြီး အရသာအထူးကောင်းမွန်လှပါတယ်…..!

ပါဝင်ပစ္စည်းများ

  • ငါး – ၁ ကောင် (တစ်ကီလိုခွဲ)
  • မုန်လာဥဖြူ – ၁ တောင့် (အသေး)
  • ဇူချီနီ Zucchini – ၁ တောင့် (အသေး)
  • ပဲပင်ပေါက် – အနည်းငယ်
  • ပဲပြား – ၁ တုံး
  • ကြက်သွန်နီ – ၁ လုံး
  • မှို – ၅၀ ဂရမ်
  • ကြက်သွန်မြိတ် – ၂ ပင်
  • ငရုပ်သီးအနီ + အစိမ်း – ၄ တောင့်
  • ကိုရီးယား ငရုပ်မှုန့် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ငါးငံပြာရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ပဲငံပြာရည်အကျဲ Soy Sauce – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ရေ – ၉၅၀ မီလီလီတာ

ပြုလုပ်နည်း

ကိုရီးယားစတိုင် Fish-Stew ပြုလုပ်ရာမှာ ဆီအများကြီး မသုံးရပါဘူး။ ချက်မည့်အိုးထဲသို့ အိုးမကပ်စေရန်အတွက် ဆီတစ်ဇွန်းထည့်ပြီး ဒယ်အိုးအောက်ချေတွင်ပြန့်သွားအောင်လုပ်လိုက်ပါ။

မုန်လာဥဖြူကို မထူမပါး သင့်တော်သလို လှီးပြီး ဒယ်အိုး အောက်ခြေတွင် ဖြန့်ခင်းလိုက်ပါ။ မုန်လာဥပေါ်မှ ပဲပင်ပေါက် အနည်းငယ်ကို ဖြူးလိုက်ပါ (ပဲပင်ပေါက်ကို စွတ်ထဲထည့်သည့် ပဲပင်ပေါက်ခေါင်းကြီးကိုအသုံးပြုရပါမည်။)

ပဲပင်ပေါက် ပေါ်တွင် ငါးကို အသင့်အနေအထား တုံးပြီး ရေစင်အောင် ဆေး၍ ဖြန့်ခင်းပေးပါ။  ငါးကို ပုံတွင်ပြထားသည့် Cod Fish (သို့) အခြား အဆင်ပြေသည့် အနံ့အရမ်းမပြင်းသည့် ငါး အသုံးပြုလို့ရပါတယ်။

ငါးအပေါ်တွင် ကြက်သွန်နီကို ခပ်ထူထူ လှီးထည့်ပါ။ ဇူချီနီ Zucchini လှီးထည့်ပါ ။ မှိုထည့်ပါ။ ကြက်သွန်မြိတ် ၊ ငရုပ်သီးစိမ်း လှီးထည့်ပါ ။ ပဲပြား လှီးထည့်ပါ။

ငရုပ်သီးမှုန့် ၊ ငံပြာရည် ၊ ကြက်သွန်ဖြူ စသောပါဝင် ပစ္စည်းအားလုံး ထည့်ပြီးလျှင် ရေ ၉၅၀ (မီလီလီတာ) ငါးရေမြုပ်ရုံ အသာလောင်းထည့်ပြီး မီဖိုပေါ်တင်၍ တည်ထားပါ။

၁၅ မိနစ်ခန့် တည်ထားရပါမည် ။ အရမ်းမမွှေရပါဘူး ဒယ်အိုးကို ဟိုဘက်ဒီဘက် အသာအယာ လှုပ်ပေးရုံပဲ လုပ်ပေးပါ။ ဟင်းရည် ပွက်လာပါက အပေါ့အငံ မြည်းပြီး လိုအပ်ပါက ထပ်ထည့်ပါ။ အစပ်အရသာ ကြိုက်ပါက ငရုပ်သီးစပ်စပ် လေးထည့်နိုင်ပါတယ်။ အရသာ သင့်တော်ပါလျှင် မီးပိတ်ချပြီး သုံးဆောင်နိုင်ပါပြီ။

ကျေးဇူးတင်ပါသည်။

Credit: ဇွဲသုသု