ကိုရီးယား ဇာတ်လမ်းတွဲလေးတွေ ကြည့်ပြီး စိတ်ကူး ယဉ်ပြီး လိုက်သွားရည် ယိုမိတဲ့ ကင် (မ်) ချီ (Kimchi) လုပ်စားကြည့်ကြရအောင်လေ။ ကင် (မ်) ချီလေးသာ ရှိနေရင် ချဉ်ချဉ်စပ်စပ်နဲ့ ဟင်းပွဲတော်တော်များများကို အမှတ်မထင် ကနေ အမှတ်တရ ဟင်းမျိုးပေါင်းများစွာ ချက်နိုင်မယ်လေ။

ပါဝင်ပစ္စည်းများ

  • မုန်ညင်းထုပ် – ၆ ထုပ်
  • ချင်း – ၅ ကျပ်သား
  • ကြက်သွန်ဖြူ – ၅ ကျပ်သား
  • သကြား – ၂ ကျပ်ခွဲသား
  • ဆားနု – ၂၅ ကျပ်သား
  • ငရုတ်သီးမှုန့် – ၈ ကျပ်သား
  • ငရုတ်သီးအနှစ် – စားပွဲဇွန်း ၅ ဇွန်း
  • ကိုရီးယားငံပြာရည် – စားပွဲဇွန်း ၅ ဇွန်း
  • ကြက်သွန်မြိတ် – ၁ စည်း
  • မုန်လာဥဖြူ – ၅ လုံး (အရွယ်သေးလျှင်)

ချက်ပြုတ်နည်း

မုန်ညင်းထုပ်ကို အရင်ဆုံး ရေစင်အောင်ဆေးပါ။ ပြီးလျှင်ခြမ်းပါ။ ပလတ်စတစ် ဇလုံးအကြီးတွင် ဆားကြမ်းကို ရေခဲရေဖြင့်ဖျော်ပါ။ ပြီးလျှင် ခြမ်းထားသော မုန်ညင်းထုပ်များကို ရေမြုပ်တဲ့အထိ ၅ (သို့) ၈ နာရီလောက်အထိ စိမ်ပေးပါ။ ချင်း၊ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါ။

မုန်လာဥဖြူကို အခွံခွာပြီး ရေစင်အောင် ဆေးပါ။ အချောင်းသေးသေးလေးများ လှီးပေးပါ။ ကြက်သွန်မြိတ်ကို ရေစင်အောင်ဆေးပြီး ရှည်ရှည်လေးတွေ ဖြတ်ပါ။

ဇလုံအကြီးထဲကို ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူနှင့် ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ သကြား၊ ကိုရီးယားငံပြာရည်၊ လှီးထားသော ကြက်သွန်မြိတ်၊ မုန်လာဥဖြူ တို့ကို သေချာနယ်ပေးပါ။ လက်အိတ်ဝတ်လုပ်လျှင် ပိုကောင်းပါသည်။ ကင်ချီရဲ့အဓိကအနှစ်ကို ရလာပါလိမ့်မယ်။

စိမ်ထားသော မုန်ညင်းထုပ်များကို ရေဖြင့်ဆေးပါ။ ပြီးလျှင် ရေစင်အောင်ခါပါ။ နယ်ထားသောအနှစ်များကို မုန်ညင်းထုပ် အရွက်များကြား လိုက်ထည့်ပေးပါ။

အရွက်တိုင်း ထည့်ပြီးလျှင် မုန်ညင်းထုပ်လေး အတိုင်း လေလုံသော (Lock & Lock) ဘူးကြီးထဲသို့ တစ်ထုပ်ချင်းစီ ထည့်ပေးပါ။

မြန်မြန် စားချင်ရင်တော့ အပြင် နေမပူသော နေရာမှာ ၂ ရက် (သို့) ၃ ရက်ကြာ ထားပြီးလျှင် ရေခဲသေတ္တာ (Fridge) ထဲမှာ လနဲ့ချီထားပြီး လိုရာဟင်းထဲ ထည့်ချက် စားသုံးနိုင်ပါသည်။ စားသုံးခါနီး တစ်ခါ စားလေးများ လှီးပြီး စားသုံးနိုင်ပါသည်။

Credit: Syi Lwin Foods Garden