ပါဝင်ပစ္စည်းများ
- အမဲနံရိုး – ၂ ကီလို
- သစ်တော်သီး – ၁ လုံး
- ကြက်သွန်နီ – ၂ လုံး
- ပဲငံပြာရည်အကြည် (Light) – ၁၂ ဇွန်း (စားပွဲတင်ဇွန်း)
- သကြား – ၃ ဇွန်း (စားပွဲတင်ဇွန်း)
- ပြောင်းဖူးရည် (Corn-Syrup) – ၃ ဇွန်း(စားပွဲတင်ဇွန်း)
- နှမ်းဆီ – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- ဆန်ဝိုင် – ၄ ဇွန်း (စားပွဲတင်ဇွန်း)
- ငရုပ်ကောင်းမှုန့် – (အနည်းငယ်)
- အာလူး – ၃ လုံး
- မုန်လာဥနီ – ၁ တောင့်
- ရေ – ၂၀၀၀ မီလီလီတာ
ပြင်ဆင်ပြုလုပ်နည်း
ပထမဆုံး ပြထားသည့် အမဲနံရိုးများကို ရေတွင် မိနစ်၂၀ ခန့်စိမ်ထားပါ ။ ပြီးနောက် ရေစင်အောင်ဆေးပြီး ဇကာဖြင့် ရေစစ်ထားပါ ။ ဆော့ပြု လုပ်ရန်အတွက် ဇလုံ တစ်ခုထဲတွင် ပါဝင်ပစ္စည်းများဖြစ်ကြသော (ပဲငံပြာရည်အကြည် ၊ သကြား၊ ပြောင်းဖူးရည် ၊ နှမ်းဆီ ၊ ဆန်ဝိုင် ၊ ငရုပ်ကောင်းမှုန့်) တို့အား ရေ ၂၀၀၀ မီလီလီတာ၏ တစ်ဝက် (၁၀၀၀ မီလီလီတာ) ရောထည့်ပြီး သမအောင်မွှေပေးပါ ။ ထိုဆော့အရည်ထဲသို့ အမဲနံရိုးများအား ထည့်စိမ်ပြီး ရေခဲသေတ္တာထဲတွင် ၁၅- မိနစ်ခန့် ထည့်ထားပါ။
ထို့နောက် ပေါင်းအိုး (Pressure Cooker) ထဲသို့ အမဲနံရိုး နှင့် ဆော့အရည်များ အားလုံး လောင်းထည့်ကာ မီးဖိုပေါ်တင်ပြီး ပေါင်းပါ။ ပေါင်းအိုးမှ အသံ(ရှဲရှဲ)စမြည်သည့် အချိန်မှ စတင်ပြီး ၁၀- မိနစ်ကြာအောင် ပေါင်းရပါသည် ။ ၁၀ မိနစ်ပြည့်ပါက မီးပိတ်ပြီး အအေးခံထားပါ ။ ပေါင်းအိုးကို ချက်ခြင်းဖွင့်၍မရပါ ။ အရည်များ ပန်းထွက်လာပါလိမ့်မည်။
ထို့နောက် အနည်းငယ်အေးသွားသောအခါ ချက်မည့်အိုးထဲသို့ လောင်းထည့်ပါ ။ အသားတုံးများကို သင့်တော်သော အရွယ်အစား ဖြစ်အောင် ကပ်ကြေးဖြင့် ညှပ်ပါ ။ အခြားပါဝင်ပစ္စည်းများဖြစ်ကြသည့် (သစ်တော်သီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ) တို့ကို ကြိတ်စက်ဖြင့် ကြိတ်၍ အမဲနံရိုးအိုးထဲသို့ လောင်းထည့်၍ ကျန်ရှိနေသေးသော ရေ(၁၀၀၀ မီလီလီတာ) ထည့်ကာ မုန်လာဥနီနှင့် အာလူးတို့ကို ပုံတွင်ပြထားသည့်အတိုင်း အနေတော်အတုံးလေးများ တုံးထည့်ပြီး မီးခပ်အေးအေးဖြင့် ချက်ပါ။
အာလူးများနူးပြီး အရည်မပျစ် ၊ မကြဲ ကျန်ပါက မီးပိတ်ပြီး အသင့်စားသုံးနိုင်ပါသည်။ အလွန်အရသာရှိလှသော ကိုရီးယား အမဲနံရိုးပေါင်းဟင်း ဖြစ်ပါသည်။
Credit: ZTT