တစ်ခါတလေ အသားကို ရိုးရိုးရှင်းရှင်းလေးပဲ အနှစ်များများနှင့် စားချင်တဲ့အခါ ဒီဆိတ်သားဟင်းလေးက အဆင်ပြေပါလိမ့်မယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား – ၂၅ ကျပ်သား (အတုံးလေးတွေတုံးထားပါ)
ဟင်းအနှစ် လုပ်ရန်
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ – ၂ မြွှာ(ထောင်းထားပါ)
- ကြက်သွန်နီ – ၂ လုံး (ထောင်းထားပါ)
- ချင်း – လက်တစ်ဆစ်ဝက် (ထောင်းထားပါ)
- သံလွင်ဆီ – စားပွဲဇွန်း ၂ ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- Mexican ငရုတ် – ၂ တောင့် (ထက်ခြမ်းခြမ်းထားပါ)
- နံနံပင် – ၃ ပင် (အရွက်များ ခြွေထားပါ)
- အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ခရမ်းချဉ်သီး – ၃ လုံး (ပါးပါးလေးတွေလှီးထားပါ)
ပြုလုပ်နည်း
- ဆိတ်သားတုံးများကို နံရိုးများထည့်ပြီး မကျက်တကျက်လေးပြုတ်လိုက်ပါ။ အသားတုံးများ ရေစစ်ယူထားပါ။
- ဟင်းအနှစ်တည်ရန် မီးအနေတော်နှင့် အိုးပူလာအောင် တည်ပါ။ ဆီထည့်ပြီး ကြက်သွန်ဖြူ/နီ၊ ချင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ Mexican ငရုတ်သီးများထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းပြီး အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးကိုထည့်၍ လုံးပေးပါ။ ခရမ်းချဉ်သီးအခွံလိပ်လာလျှင် ငံပြာရည်ထည့်ပြီး တည်ပါ။ ကျန်ဆီသတ်ရန် ပါဝင်ပစ္စည်းများ ထည့်ပြီးတည်ပါ။ ဆီဝေ့တတ်လာသည်အထိ တည်ပါ။
- ခရမ်းချဉ်သီးအနှစ်ထဲ အသားထည့်ပြီး လုံးပေးပါ။ ရေ အနည်းငယ်ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ရေကို ၁ ခွက်၊ ၂ ခွက်လောက် အသားနူးအောင် ထည့်တည်ပါ။ အသားနူးအိလာလျှင် ဆားမြည်းပါ။ လိုတာထပ်ဖြည့်ပါ။ ဆီပြန်ပြီး အရည်ခန်းလာလာရင် မီးဖိုပေါ်မှချပါ။ ပဲဟင်းရည်၊ ထမင်းပူပူနှင့် တွဲပြီးသုံးဆောင်လို့ လိုက်ဖက်ပါ။