ပါဝင်ပစ္စည်းများ

  • ဘူးသီး – တစ်လုံး
  • ကောက်ညှင်းဆန် – တစ်ဗူး
  • ဆား
  • နနွင်းမှုန့်
  • ကြက်သွန်နီ
  • ငရုပ်သီးစိမ်း

ပြင်ဆင်ပြုလုပ်နည်း

  1. ဘူးသီးတစ်လုံးကို အခွံနွာ ခြစ်နဲ့ ခြစ်ပါ ။ ခြစ်မရတဲ့ နုညံ့တဲ့အပိုင်းတွေကို ဓားနဲ့ နုပ်နုပ်စင်းပါ ။
  2. ဘူးသီး အနေတော်တစ်လုံး (၆လက်မ ပတ်လည်)တစ်လုံးအတွက်ဆိုရင် ကောက်ညှင်းဆန် တစ်ဗူးကို ရေစိမ်ပါ ။ (တစ်ည) ပြီးရင် ဆာများများထည့်ပြီး မြေအိုး (သို့မဟုတ်) ပလတ်စတစ်ဘူးထဲသို့ ဘူးသီးခြစ်ထားသော အဖတ်တွေနဲ့ ရောသိပ်ပါ ။ အရောင်လှချင်ပါက နနွင်းမှုန့် ထည့်ပါ ။ (ဝါချင်ရင်) အလွန်ဆုံး ၃ ရက်ရှိပါက ဖွင့်၍အရသာ မြည်းကြည့်ပါ ။
  3. ဘူးသီးအဖတ်များ ချဉ်နေပါက အသင့်ကြော်စား၍ ရနိုင်ပါပြီ ။ ပုံထဲကလို စားချင်သဖွယ် ဘူးချဉ်ကြော်နဲ့ စားလိုပါက မိမိကြော်မည့် ဘူးချဉ်ပမာဏ အလျှောက် သင့်တင့်သော ကြက်သွန်နီထည့်၍ ဆီထည့်ပါ ။ ကြက်သွန် အနားလေးများ ကြွပ်ခါနီးအချိန် ကြက်သွန်လေးများ ရွတတလေး ဖြစ်နေချိန်တွင် ဘူးချဉ်အားထည့်ပါ ။ လိုအပ်သော ဟင်းခပ်မှုန့် အချိုးအစားမျှတစွာ ထည့်ပါ ။
  4. မိမိ၏ ဘူးချဉ်တွင်ပါဝင်သော ကောက်ညှင်းစေ့လေးများ မနူးသေးပါက ထောင်းသားသော ငရုပ်သီးစိမ်းလေးများနှင့် အတူ ရေအနည်းငယ် ထည့်ပေးပါ ။ ကောက်ညှင်းစေ့နူးမည်ဆိုပါက ထည့်ရန်မလိုပါ ။ (သတိထားရန်မှာ – ရေများပါက ပျော်ပြဲသွားမည်) အရသာရှိလှတဲ့ ချဉ်ချဉ်စပ်စပ် ဘူးချဉ်ကြော်အား သုံးဆောက်လို့ ရပါပြီ ။

Credit: Soe Nge