ထန်းသီးမှည့်ရလို့ သဘာ၀ ထန်းသီးမုန့် လုပ်စားပါတယ် ။ ဆိုးဆေးမပါ ။ သဘာ၀ ထန်းသီးနံ့ မွှေးမွှေးလေးပါ ။ အရောင်ဆိုးဆေး လုံးဝမသုံးထားလို့ အရောင်ထွက် သိပ်မလှပါဘူး ။ မုန့်လုပ်ထန်းလျက် အညိုသုံးထားလို့ ညိုရောင် ဖြစ်နေပါတယ် ။ အောက်တွင် လုပ်နည်းလေးတွေ ရေးပေးထားတယ်နော် ။
ပါဝင်ပစ္စည်းများ
- ဆန်ကြမ်း
- ဆော်ဒါအနည်းငယ်
- ထန်းသီးမှည့်
- ထန်းလျက်ခဲ
ပြင်ဆင်ပြုလုပ်နည်း
- ဆန်ကြမ်းကို အမှုန့် ကြိတ် ရေစစ်ပြီး ဆော်ဒါအနည်းငယ်နဲ့ နှပ်ထားပါ ။
- ထန်းသီးမှည့်ကို အနှစ်ရအောင် ဇကာနဲ့ တိုက်ယူထားပါတယ် ။ ပြီးရင် အရည်ထွက်အောင် ပိတ်ပါးစနဲ့ စစ်ယူထားရပါတယ် ။ အရည် အကုန်မထွက်ရင် ခါးတတ်လို့ပါ ။ ဇကာနဲ့ တိုက်ယူထားတဲ့ ထန်းသီးအနှစ်ကို ပိတ်ပါးစထဲထည့် အလုံပိတ် တင်းတင်းစီးပြီး တွဲလောင်းချိတ်ထားရင် အရည်တွေ တစက်စက် ထွက်ကျသွားပါတယ် ။
- ထန်းလျက်ခဲကို မပျစ်မကျဲ အရည်ကျိုပြီး ရေစစ်နဲ့ သဲ ၊ ခဲ စင်အောင် စစ်ထားပါ ။
- ၃မျိုး ရောနယ် ပါ ။ မုန့်နှစ်က ခပ်ယူလိုက်လျှင် ကြွက်မြီးတန်း ခပ်စေးစေး ဖြစ်နေရပါမယ် ။
- ရေနွေးဆူဆူ ကျို နေတဲ့ အိုးကျယ်ကျယ်ထဲကို အုတ်ခဲ ၃လုံး ဖိုခနောက်ဆိုင်ထည့် အုတ်ခဲပေါ် ဝါးစကာတင် ဝါးစကာ ပေါ်ကို ပိတ်ပါးစထပ် ပိတ်ပါးစထဲကို မုန့်နှစ်ထည့်ပြီး ခဲအောင် ပေါင်းရပါတယ် ။
- အအေးခံပြီး မာရင် စားလို့ရပါပြီ ။ ထန်းသီးမုန့်စစ်စစ် မွှေးမွှေးလေးပါ ။
Credit: Hnin Aye Wai