ဒီနေ့ မနက်တော့ အကြော်ဆိုင်က ဗယာကြော်လေးတွေဝယ်လာတယ်။ အိမ်မှာ ပူစီနံရွက်လေးတွေ ရှိနေတော့ ပူစီနံဗယာကြော်သုပ် သုပ်စားဖြစ်တယ်။ သုပ်နည်း ကတော့ ဆန်းဆန်းပြားပြား မဟုတ်ပေမယ့် စားလို့တော့ အလွန် ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

ဗယာကြော်

ပူစီနံရွက်

ကြက်သွန်နီ၊ ခရမ်းချဉ်သီး

ငရုပ်သီးစိမ်း

ဆား၊ ဟင်းခတ်မှုန့်

ငံပြာရည် (သက်သတ်လွတ် စားလိုပါက ပဲငံပြာရည်)

နံနံပင်နှင့် နှမ်းဆီမွှေး

မန်ကျည်းမှည့် အချဉ်ရည် (သို့မဟုတ်) သံပုရာသီး ( သို့မဟုတ်) ငရုပ်ဆော့စ်

ပြုလုပ်နည်း

၁။ ပူစီနံတွေကို ရေစင်စင်ဆေးပြီး ရေ ခဏစစ်ပြီးတာနဲ့ မထူမပါးလေး လှီးပါတယ်။

၂။ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ငရုပ်သီးစိမ်းတို့ ပါးပါးလှီး ထည့်ပြီး ဗယာကြော်တွေကို မကြီး အသေး အနေတော် အရွယ်လောက် လက်နဲ့ ချေထည့်ပါတယ် ။

၃။ ဆား ၊ ဟင်းခတ်မှုန့် ၊ ငံပြာရည် (သက်သတ်လွတ် စားလိုပါက ပဲငံပြာရည်)၊ နံနံပင်၊ နှမ်းဆီမွှေး၊ မန်ကျည်းမှည့်၏အချဉ်ရည် (သို့မဟုတ်) သံပုရာသီး( သို့မဟုတ် ) ငရုပ်ဆောစ့် ကို ထည့်ပြီး နယ်လိုက်တာနဲ့ ချဉ်စပ် အရသာလေးနဲ့ နှမ်းဆီနံ့လေးလည်း မွှေးနေတဲ့ ဗယာကြော်သုပ် တစ်ခွက် ရပါပြီ။

၄။ မနက်ခင်းမှာ ထမင်းပူပူလေးနဲ့ စားမယ်ဆိုရင်လည်း အလွန်ကိုကောင်းပါတယ်။ ခု နည်းအတိုင်းပဲ စမူဆာကြော်ကိုလည်း သုပ်စားနိုင်ပါတယ်။ စကားမစပ် အမြည်းလုပ်ဖို့အတွက်လည်းကောင်းတယ်လို့ (ရေနွေးကြမ်းနဲ့ မြည်းဖို့ပြောပါတယ်လေ)

Credit: အစိမ်းရောင် လွင်ပြင်