ပူပူနွေးနွေးစားလျှင် ပိုကောင်းသည့်အတွက် တစ်ခါတည်း အများကြီးမကြော်ပဲ လိုအပ်သလောက် ခွဲကြော်ပေးစေချင်ပါတယ်ရှင်။ မကြော်ရသေးသော ဝက်ကြိတ်သား ပိန်းဥလုံးများကို ရေခဲသေတ္တာထဲ ၂ ရက်ခန့် သိမ်းထားနိုင်ပါတယ်။ ကြော်မည့်အချိန်တွင်မှ ကြက်ဥဖြင့်ကပ်ခြင်း၊ Bread Crumbs ဖြင့်ကပ်ခြင်းများလုပ်ပြီး ကြော်ပေးပါ။

ပါဝင်ပစ္စည်းများ

ဝက်ကြိတ်သား ပိန်းဥလုံး

Mozzarella Shredded Cheese (မထည့်လည်းရ)

ကြက်ဥ – ၄ လုံး

Bread Crumbs – 3 cups (750 ml)ခန့်

၁ လက်မခွဲခန့်အတုံးလေးများ လှီးထားသော ပိန်းဥ (Taro) – 250 g (၁၆ ကျပ်သားခန့်)

ရေ – ထမင်းစားဇွန်း ၃ ဇွန်း

ဝက်ကြိတ်သား (Pork Mince) – 750 g (၄၉ ကျပ်သားခန့်)

Bread Crumbs – 1 Cup (250 ml)

ကြက်ဥ – ၁ လုံး

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (5 ml)

ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပိန်းဥကျက်ပြီး ပျော့သွားစေရန် ဖန် (သို့) ကြွေပန်းကန်ထဲ ရေ နှင့်အတူထည့်ပြီး အဖုံးဖုံးကာ Microwave ထဲ ၄ မိနစ် ထည့်ချက်ပါ။ (Microwave မသုံးပါက ရေနွေးငွေ့ဖြင့် ပေါင်းပေးနိူင်ပါ တယ်။)

ညီညီညာညာ ကျက်စေရန် ၂ မိနစ် တစ်ခါ အပေါ်အောက် လှန်မွှေပြီး ပြန်ထည့်ပါ။ Microwave အမျိုးအစားပေါ်မူတည်ပြီး အချိန် အတိုးအလျှော့ ရှိနိူင်ပါတယ်။

ဇွန်းဖြင့် ထိုးချေကြည့်လို့ ကြေသည့် အနေအထားဖြစ်လျှင် အရမ်းကြေညက် သွားအောင် မိမိအဆင်ပြေရာ နည်းဖြင့် ဖိချေပေးပါ။ ပြီးလျှင် ကျန်သည့် ပါဝင်ပစ္စည်းများ ထည့်၍နှံ့သွားအောင် သေသေချာချာ ရောနယ်ပေးပါ။

Cheese ဌာပနာ ထည့်မည်ဆိုပါက ထမင်းစားဇွန်း ၂ ဇွန်းခွဲ ပမာဏခန့် လုံးပြီး Cheese မထည့်ပါက ထမင်းစားဇွန်း ၁ ဇွန်းခွဲ ပမာဏခန့် လုံးပေးပါ။

ဝက်သားလုံးကို ပြန်ပြားပြီး ခပ်ကျစ်ကျစ်အလုံးလေးဖြစ်အောင် လက်ဖြင့် ဆုပ်နယ်ထားသော Cheese (ထမင်းစားဇွန်း ၁ ဇွန်းခန့်) ကို ထည့်ပါ။ လုံအောင်ဖုံးကာ ပြန်လုံးပါ။

ခလောက်ထားသော ကြက်ဥအရည်ထဲ ထည့်ပြီး နှံ့သွားအောင် လိမ့်ပေးပါ။ Bread Crumbs ဖြင့် ကပ်အောင်လုပ်ပါ။

ကြက်ဥရည်ထဲပြန်ထည့်ပြီး အရည်များ အလုံးအနှံ့ကပ်အောင်လုပ်ပါ၊ Bread Crumb ဖြင့် ပြန်ကပ်အောင်လုပ်ပါ။ (ပိုကြွပ်ပြီး မပေါက်ထွက်စေရန် ၂ ခါကပ်ခြင်းဖြစ်ပါတယ်။)

Over Medium Heat ဖြင့်အပူပေးထားသော ဆီပူလျှင် အိုးမကြပ်အောင် ထည့်၍ ၅ မိနစ်ခန့် (ရွှေဝါရောင်သန်းအောင်) ဇွန်းဖြင့် ဟိုဖက်ဒီဖက် ခပ်ဖွဖွလှန်ပြီး ကြော်ကာ ဆီစစ်ဆယ်ထုတ်ပါ။

ဆီစစ်ပြီးနောက်… ဝက်ကြိတ်သား ပိန်းဥလုံးကြော်လေး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Credit: Chaw Su’s Food Friends