မင်္ဂလာပါ။ ဝက်သားထဲမှာက သုံးထပ်သားက စားလို့အကောင်းဆုံးဆိုတာကို အများစုသိထားပြီးဖြစ်မှာပါ။ ဒီလိုစားလို့ကောင်းတဲ့ သုံးထပ်သားကို အအီပြေအောင် ကတက်ချဉ်ရောပြီး ထည့်ကြော်တဲ့အခါ ခံတွင်းထဲမှာ အလွန်မြိန်နေမှာပါ။

ပါဝင်ပစ္စည်းများ

  • ဝက်သားသုံးထပ်သား ၃၀သား
  • ကတက်ချဉ် ၁စည်း၊ ခရမ်းချဉ်သီး ၁လုံး
  • ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၅မြွှာ၊ ကြက်သွန်မြိတ် ၁စည်း
  • သကြား အနည်းငယ်၊ ငရုတ်သီးစိမ်း ၃တောင့်
  • ဆား အနည်းငယ်၊ ဆီ ၃ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်နည်း

ဝက်သားသုံးထပ်သားကို ဆား၊ သကြား အနည်းငယ် ထည့်နယ်ပြီး ရေထည့်ရျ် ကျက်သည်အထိ ပြုတ်ပါ။

ကျက်လျှင် သုံးထပ်သားကို အအေးခံ၍ ပါးပါးလှီးပါ။ ကတက်ချဉ်ကို အနေတော် ပိုင်းဖြတ်ပါ။

ခရမ်းချဉ်သီး နှင့် ကြက်သွန်နီကို တခြမ်း ၄တုံး ပုံစံတုံး ထားပါ။ ကြက်သွန်ဖြူ တပြားရိုက်၍ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့နှင့် ဆီသတ်ပါ။

ပြီးလျှင် ဝက်သားထည့်၊ ကတက်ချဉ်ထည့်ပြီး ရေအနည်းငယ် နှင့် ပြုပ်ထားသည့် ဝက်သား ဟင်းရည်ထည့်ရင် ပိုချိုပါတယ်။

ဆား၊ သကြားအနည်းငယ် ထည့်ပြီး အဖုံးခဏအုပ်၍ ကြော်ပါ။ ကြက်သွန်မြိတ်နှင့် ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ။

ရေစိတ်ကြိုက်ကျန်သည့် အနေအထားရောက်မှ ငရုတ်သီးစိမ်းထည့်ပြီး တချက် နှစ်ချက်မွှေပါ။ ပြီးလျှင် အပေါ့အငံအစပ်ပြင်ပြီး ကြက်သွန်မြိတ်ကို အပေါ်မှ ဖြူးပြီးလျှင် သုံးဆောင်ရန် အစဉ်သင့်ဖြစ်ပါပြီ။

Credit: Athe Phyu