” မလွှပွင့် ” ဟာ မဆိုစလောက် ခါးသက်သက် အရသာ ရှိပါတယ်။ မလွှပွင့်ကို ရှမ်းလို “လောက်ကဲ” လို့ခေါ်ပြီး ဝက်သားတောက်တောက်စင်း အစာသွပ်ပြီး ကြော်စားလို့ ရသလို မလွှပွင့်ကို ပြုတ်၊ ပါးပါးလှီးပြီး ပြန်ကြော်စားလို့လည်း ရပါတယ်။ အခုလို ဝက်သားတောက်တောက်စင်းပြီး အစာသွပ်ထားတဲ့ ဟင်းဟာ အရမ်းကြိုက်တဲ့ ဟင်းဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ် ။
ပါဝင်ပစ္စည်းများ
- မလွှပွင့်
- ဝက်သား
- ဝါးနှီး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ကြက်သွန်မြိတ်
- ငြုတ်သီးစိမ်းတောင့်
- ဆီ
- ဆား
- ကြက်သားမှုန့်
ပြင်ဆင်ပြုလုပ်နည်း
- မလွှပွင့်ကို ရေဆေးပြီး ဝက်သားကို တောက်တောက်စင်းထားပါ ။
- နှီးတွေကို ပတ်တဲ့အချိန်မှာ ပျော့အောင် ရေစိမ်ထားပါ ။
- ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို တောက်တောက်စင်းပြီး ကြက်သွန်မြိတ် နဲ့ ငရုတ်သီးစိမ်းတောင့်တို့ကို ပါးပါးလှီး ထားပါ ။ ကြက်သွန်မြိတ်ရဲ့ ထိပ်မှာ ကြက်သွန်ဥတွေ ပါရင်တော့ ကြက်သွန်နီ ထည့်စရာမလိုပါဘူး ။ အဲဒါက ပိုမွှေးပါတယ် ။
- ဝက်သား ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ငရုတ်သီးတို့ကို ရောပြီး ဆား ၊ ကြက်သားမှုန့်ထည့်ပြီး သမအောင် နယ်ပါ ။
- မလွှပွင့်ထဲကို အစာတွေ သိုသိုသိပ်သိပ် ဖြစ်အောင် သွပ်သွင်းပြီး နှီးနဲ့ ပြန်ပတ်ပါ ။
- ပြီးလျှင် မီးအသင့်အတင့်ဖြင့် ကြော်ပါ ။ ကြော်တဲ့အချိန်မှာ တစ်ဘက် ကျက်ပြီးမှ တစ်ဘက်သို့ လှန်ပါ ။ ခဏခဏ မလှန်ပါနှင့် ။ နှီးနဲ့ ပတ်ထားတာ ပြေသွားပြီး အထဲကအစာတွေ ထွက်လာတတ်ပါတယ် ။ ဒါဆိုရင် မွှေးပျံ့တဲ့ ရနံ့လေးနဲ့ မလွှပွင့် ဝက်သားအစာသွပ်ကြော် ရပါပြီ ။
***ရှမ်းလိုတော့ ” လောက်ကဲအို ” လို့ခေါ်ပါတယ် ။
Credit: ဟင်းကောင်းကောင်းလေး ချက်စားကြစို့