အားလုံပဲ မင်္ဂလာပါ။ ပုံမှန်ဆိုရင် ပုစွန်ကို ကြက်သွန်ဆီသပ်တာဖြစ်ဖြစ်၊ ခရမ်းချဉ်သီးနဲ့ဖြစ်ဖြစ် ချက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ အပြောင်းအလဲလေးဖြစ်အောင် ကိုရီးယားဆော့စ်လေးနဲ့ ချက်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပုစွန်ကျား/တုပ် – ၆ ကောင်
  • ကြက်သွန်ဖြူ – ၂ မြွှာ
  • ကြက်သွန်နီ – ၂ ဥ
  • ခရမ်းချဉ်သီး – ၃ လုံး
  • ဟင်းသီးဟင်းရွက်ဆီ – စားပွဲဇွန်း ၂ ဇွန်း
  • ကိုရီးယားငရုတ်ဆော့ ဖျော်ရန် (စားပွဲဇွန်း ၃ ဇွန်းသာသာ ရပါတယ်)
  • ကိုရီးယားငရုတ်သီးအနှစ် – စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ပဲငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
  • နှမ်းဆီမွှေး – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ – စားပွဲဇွန်း ၁ ဇွန်းခွဲ

ပြင်ဆင်ပြင်လုပ်နည်း

ပထမဆုံး ပုစွန်များကို ရေစင်အောင်ဆေးပြီး ခေါင်းဖြုတ် ၊ အခွံခွာပြီး ရေစင်အောင် စစ်ထားပါ။ နောက် ငရုတ်ဆော့ဖျော်ဖို့အတွက် ပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်တစ်လုံးထဲမှာ ထည့်ကာ သကြားပျော်ဝင်သည်အထိ မွှေကာထားပါ။

ပုစွန်တုပ်မှာ ခေါင်းများကို ရေဆေးပြီး အဆီနဲ့အသား ခွာပြီးထားပါ။ နောက် မကပ်တဲ့အကြော်အိုး (Non Stick Fried Pan) နဲ့ ဆီအနည်းငယ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ထည့်ကာ) မီးအေးအေးနဲ့ကြော်ပါ ။ ရေများခမ်းပြီး ဆီပြန်လာသည်အထိ ကြော်ပေးပါ ။ ထွက်လာတဲ့ ပုစွန်အဆီနှစ်များကို သတ်သတ် ဖယ်ထားပါ ။

နောက် ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး လှီးထားပါ ။ ကြက်သွန်ဖြူကိုလည်း ညှစ်ထားပါ ။ ဒါမှမဟုတ် ထောင်းထားပါ။

ခရမ်းချဉ်သီးများကိုလည်း ခပ်ကြမ်းကြမ်းလှီးထားပါ ။ ဒယ်အိုးထဲမှာ ဆီကိုထည့်ကာ မီးပြင်းပြင်းနဲ့ ဆီပူအောင် တည်ပါ ။ ဆီပူရင် ကြက်သွန်များကိုထည့်ပြီး ကြော်ပါ ။ ကြက်သွန်များ အရောင်စပြောင်းပြီဆိုရင် ခရမ်းချဉ်သီးထည့်ပြီး ဆီသတ်ပါ ။ ခရမ်းချဉ်သီးများ အရည်ခမ်းပြီး နွမ်းလာရင် ကြက်သွန်ဖြူနဲ့ ပုစွန်ကိုထည့်ကာ တစ်မိနစ်လောက် ကြော်ပါ ။

နောက် ငရုတ်ဆော့စ် ၊ ပုစွန်ဆီနှစ်တို့ကို ထည့်ကာ ရေ ၁/၄ ခွက် ထည့်ပြီး မီးအေးအေးနဲ့ ငါးမိနစ်လောက် တည်ပါ ။ အရမ်းကြီး မပွက်ပါစေနဲ့ ။ ဆီကျန်ရေကျန်အနေမှာ အိုးကို ချပါ ။ အပေါ့အငန်အတွက် ဆားကိုထည့်ပါ။

Credit: ဗေဒါရီ