အားလုံးပဲမင်္ဂလာပါ။ ခေါက်ဆွဲကြော်နည်းတွေများစွာရှိတဲ့အထဲကမှ အရသာအရှိဆုံးနဲ့ အလွယ်ကူဆုံးစင်္ကာပူစတိုင်ခေါက်ဆွဲကြော်နည်းလေးကိုပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ ၁၅၀ ဂရမ်
  • ပုစွန် ၁၀ ကောင်
  • ငါးအသားလွှာ ၂ ချပ်
  • ကင်းမွန် ၄၀၀ ဂရမ်
  • ပုဇွန်အခွံ ၃၀၀ ဂရမ်
  • ဝက်ရိုး ၆၀၀ ဂရမ်
  • ဝက်သုံးထပ်သား ၂၀၀ ဂရမ်
  • ကြက်သွန်မြိတ် ၄ ချောင်း
  • ကြက်ဥ ၂ လုံး
  • ကြက်သွန်နီ ၄ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ငရုပ်ကောင်း ၁ ဇွန်း
  • သကြားညို ၃၀ ဂရမ်
  • ခရုဆီ ၃ ဇွန်း
  • ငါးအသားမှုန့် ၂ ဇွန်း
  • ပဲပင်ပေါက် ၅၀ ဂရမ်
  • ဆားအနည်းငယ်
  • ပဲငံပြာရည်အကြည် ၁ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး အိုးတစ်ခုအတွင်းရေတစ်ဝက်ခန့်ထည့်ပြီး ဝက်ရိုးကို ၁၅ မိနစ်ခန့်ပြုတ်ထားပေးပါ။အချိန်စေ့ပြီဆိုရင်တော့ ဝက်ရိုးတွေအားလုံးကိုဆယ်ပြီး အသားပြုတ်ရည်ကိုသီးသန့် ဖယ်ထားပါ။ဆက်လက်ပြီးနောက်ထပ်ဒယ်အိုးတစ်ခုကိုမီးခပ်ပြင်းပြင်းဖြင့်အပူပေးပါ။ဒယ်အိုးပူလာပြီဆိုရင်တော့ ဟင်းသီးဟင်းရွှက်ဆီ ၂ ဇွန်းခန့်ထည့်ပေးပါ။ထို့နောက်ကြက်သွန်နီ ကြက်သွန်ဖြူ နဲ့ ပုဇွန်အခွံတို့ကိုရောထည့်ပြီး ၃ မိနစ်ခန့် ဆီသပ်ပေးပါ။

(၂) ပုဇွန်အခွံလေးတွေ ရဲလာပြီဆိုရင်တော့ ငါးအသားမှုန့် ငရုပ်ကောင်း သကြားနဲ့ ခုနကပြုတ်ထားတဲ့ အရိုးပြုတ်ရည်ရယ် ဝက်အရိုးလေးတွေရယ် ဝက်သုံးထပ်သားကိုရောထည့်ပြီး ပြုတ်ပေးပါ။၅ မိနစ်ခန့်ပြုတ်ပြီး အရိုးပြုတ်ရည်ဆူလာပြီဆိုရင်တော့ ဝက်အရိုးနဲ့ ဝက်သားတွေကိုဆယ်ပြီးပန်းကန်တစ်ခုအတွင်း ထည့်ပေးပါ။ထို့နောက်ပုစွန်အခွံတွေကိုလည်းဆယ်လိုက်ပါ။

(၃) ဆက်လက်ပြီး ခုနကအသားပြုတ်ရည်အိုးထဲကို ခရုဆီ ၂ ဇွန်းခန့်ထည့်ပေးပါ။ထို့နောက်အသားပြုတ်ထဲတွင် ပုဇွန်နဲ့ ကင်းမွန်တို့ကို ၃ မိနစ်ခန့်ထည့်ပြုတ်ပေးပါ။ပုဇွန်နဲ့ကင်းမွန်ကျက်သွားပြီဆိုရင်တော့ ဆယ်လိုက်လို့ရပါပြီ။ဝက်သား ပုစွန်နဲ့ ကင်းမွန် တို့ကိုဝက်ရိုးနဲ့ပုစွန်အခွံတို့ပြုတ်ထားတဲ့ပြုတ်ရည်မှာထည့်ပြုတ်ခြင်းအားဖြင့်သဘာဝအချိုဓာတ်ကိုရရှိမှာဖြစ်ပြီး အရသာပိုမိုထူးကဲစေမှာဖြစ်ပါတယ်။

(၄) နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဒယ်အိုးတစ်ခုအတွင်း ဆီ၂ ဇွန်းခန့်ထည့်ပြီးအပူပေးပါ။ဆီဆူလာပြီဆိုရင်တော့ ကြက်ဥ၂ လုံးဖောက်ထည့်ပြီမွှေပေးပါ။ထို့နောက်ကြက်သွန်ဖြူ ထည့်ပြီး ကြက်ဥနဲ့အတူရောမွှေပေးပါ။ပြီးရင်တော့ခေါက်ဆွဲ ပဲငံပြာရည်အနည်းငယ်နဲ့ ခုနပြုတ်ထားတဲ့အသားပြုတ်ရည်အနည်းငယ်ထည့်ကာ ၁ မိနစ်ခန့်ကြော်ပေးရပါမယ်။

(၅) ထို့နောက် ဝက်သား ငါးအသားလွှာ ပုဇွန် ကင်းမွန်တို့နဲ့အတူ ပဲပင်ပေါက် ကြက်သွန်မြိတ် တို့ကိုရောထည့်ပြီး နောက်ထပ် ၃ မိနစ်ခန့်ကြော်ပေးရပါမယ်။ အနံလည်းမွှေးလာပြီ ခေါက်ဆွဲသားလေးတွေလည်းနူးလာပြီဆိုရင်တော့ ငရုပ်ကောင်းအနည်းငယ်ပြီး မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်ကာ အရသာရှိတဲ့ စင်္ကာပူစတိုင်ပင်လယ်စာခေါက်ဆွဲကြော်လေးကို သုံးဆောင်လိုက်ပါနော်။

Source : asianfoodnetwork