ဒီတစ်ခါမှာတော့ အသားတွေမဟုတ်ဘဲ ပင်လယ်စာလေး ပြောင်းချက်ရအောင်နော်။ ပင်လယ်စာအစုံပါပြီး ပေါင်းချက်ရတာဖြစ်လို့ ဝါးလိုက်တိုင်း ပါးစပ်ထဲမှာ နူးအိနေမှာ အသေအချာပါပဲ။ ပင်လယ်စာချည်းပဲဆိုရင် အီသလို၊ ညှီသလို ခံစားမိမှာစိုးလို့ ချဉ်စပ်အရသာနဲ့ ဆော့စ်ကိုပါ ထည့်သွင်းပေးထားလို့ စားရတာတော့ အလွန်ခံတွင်းလိုက်နေတော့မှာပါ။ ကဲ…. အခုပဲ ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါပြီ။
ပါဝင်ပစ္စည်းများ
- ကင်းမွန်ငါး – ၂ ကောင်
- ပုစွန်လတ် – ၃ ကောင်
- ဂျယ်လီငါး – ၂ လွှာ
- ငါးဖယ်လုံး – ၃ လုံး
- ငါးအသားလွှာ – ၃ ချပ်
- စပါးလင် – ၂ ပင်
- ကြက်သွန်ဖြူ – ၃ တက်
- နံနံပင်အမြစ် – ၂ ခု
ပြင်ဆင်ပြုလုပ်နည်း
ပင်လယ်စာတွေကို ရေဆေးသန့်စင်ပြီး အအေးခန်းမှာ ခေတ္တထားပါ။ ချဉ်စပ်ဆော့ရည်အတွက် ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ နံနံပင်အမြစ်တို့ကို နုပ်နုပ်စဉ်းပါ ။ (စက်နှင့်ကြိတ်ခြင်းကိုရှောင်ကြဉ်ပါ)
အိုးငယ်တစ်လုံးမှာသံပုရာရည် ၊ ငါးငံပြာရည်တို့နင့် အတူ သကြားကို ပျော်ဝင်သည်အထိ အပူပေးပါ ။ သကြားတွေ ပျော်ဝင်သွားပြီဆိုမှ နုပ်နုပ်စဉ်းထားတဲ့ ငရုတ်သီး ၊ ကြက်သွန်ဖြူ ၊ နံနံပင်အရောတို့ကို ထည့်ပြီး ကျိုပေးပါ ။ ဟင်းချက်ဝိုင်နှင့် နှမ်းဆီမွှေးအနည်းငယ်ဖြင့် ဖြည့်စွက်ပါ ။ ချဉ်စပ်ဆော့စ်ရည်ကို အအေးခံထားပါ။
ဇလုံတစ်ခုအတွင်းမှာ စပါးလင်ဓားပြားရိုက် ၊ ကြက်သွန်ဖြူဓားပြားရိုက်တို့နှင့်အတူ ပင်လယ်စာတွေကို ရေမွှေပြီး သံပုရာသီးတစ်စိတ်လောက် ညှစ်ထည့်ပါ ။ ကင်းမွန်ငါးကို ဓားလေးနဲ့မွှန်းပြီး အလှဆင်ပေးပါ။
ပေါင်းအိုးအတွင်းမှာ (၁၀)မိနစ်ခန့် ပေါင်းပေးပါ။ စပါးလင် ၊ ကြက်သွန်ဖြူအဖတ်တွေကို ဖယ်ထုတ်ပြီး တည်ခင်းမယ့် ပန်းကန်မှာ ပြင်ဆင်ထားပါ ။ ပေါင်းရည်တွေ များနေပါက အနည်းငယ်ချန်လှပ်ထားခဲ့ပြီး အအေးခံထားတဲ့ ချဉ်စပ်ဆော့စ်ရည်ကို လောင်းချပေးပါ ။ နံနံပင် ၊ သံပုရာသီးစိတ် ၊ ဘဲဥအငံပြုတ်တို့ဖြင့် အလှဆင်ပေးပါ။
ချဉ်စပ် ဆော့စ်အတွက်
- ငရုတ်သီးစိမ်း ၅ တောင့်
- ကြက်သွန်ဖြူ ၃ တက်
- သံပုရာရည် ၃ ဇွန်း
- ငါးငံပြာရည် ၂ ဇွန်း
- သကြား ၁ ဇွန်း
Credit: ဟင်းချက်နည်းများ