အာလုံးပဲမင်္ဂလာပါ။ ဒီလိုမျိုးပူအိုက်တဲ့နွေရာသီမှာဆိုရင် ဘယ်လောက်ပဲအရင်က ကိုယ်ကြိုက်လွန်းပါတယ်ဆိုတဲ့ ဟင်းပဲဖြစ်နေပါစေ စားချင်စိတ်ပျောက်နေတတ်ပါတယ်။ ဒါကြောင့် ထမင်းစားမပျက်ဘဲ အရသာရှိရှိစားနိုင်ဖို့ ငါးဟင်းချဉ်ချဉ်စပ်စပ်လေး ချက်နည်းကိုဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါး၊ မုန်ညင်းချဉ် (ကြံမဆိုင်)
- ဆား၊ ငံပြာရည်
- ဆန်အရက်၊ ကြက်သားမှုန့်
- ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်
- ငရုတ်ကောင်းအစေ့၊ နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
ပထမဦးဆုံး အရိုးနည်းတဲ့ငါးတစ်မျိုးမျိုးကို အနေတော်အတုံးတုံးပြီး ဆား၊ ငံပြာရည်၊ ဆန်အရက်၊ ကြက်သားမှုန့်တွေနဲ့ ရောနယ်နှပ်ထားလိုက်ပါ။ ဆန်အရက်ထည့်တော့ ငါးညှီနံ့သိပ်မရပါဘူး။
ပြီးရင် ငါးထဲထည့်ချက်မယ့် မုန်ညင်းချဉ် (ကြံမဆိုင်)ကို အနေတော်လှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ဂျင်းပါးပါးလှီး၊ ငရုတ်သီးခြောက် တိုတိုလှီး (သို့) ငရုတ်သီးအခြောက်မရှိရင် ငရုတ်သီးစိမ်းလည်းရတယ်။ ငရုတ်ကောင်းအစေ့ကို မညက်တညက် ထောင်းထားပါ။
ပြီးရင် ဆီအိုးတည်၊ ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်၊ ငရုတ်ကောင်းစေ့တွေကို အိုးအပူခဏပေးလိုက်ပြီး မုန်ညင်းချဉ်ထည့်ပါ။ ခဏကြော်ပြီးရင် ရေထည့်ပြီး မုန်ညင်းချဉ်ကို သူ့အချဉ်ရည်ထွက်တဲ့အထိ တည်ထားလိုက်တယ်။
နောက်ဆုံးမှာ နှပ်ထားတဲ့ ငါးတွေထည့်လိုက်ပါ။ ရေလိုရင် ရေထပ်ထည့်ပါ။ အပေါ့အငန်မြည်းပြီး အိုးချခါနီးမှာ ကြက်သွန်မြိတ် (သို့) နံနံပင်လေးအုပ်ပြီး ချဉ်ချဉ်စပ်စပ် ငါးဟင်းတစ်ခွက်ရပါပြီ။
Credit: Original post