ကြက်သားကို အကြော်၊ အချက်၊ အပြုတ်၊ အကင် စသဖြင့် ပုံစံအမျိုးမျိုး လုပ်စားနေကြဆိုပေမယ့် ပေါင်းတာကတော့ စားလေ့သိပ်မရှိကြပါဘူး။ ဒါကြောင့် အသားနူးနူးလေးနဲ့ စားရတာခံတွင်းလိုက်စေမယ့် ချက်နည်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ အရသာအစပ်အဟပ် အလွန်တည့်ပြီး ကလေးလူကြီးအကြိုက်မို့ အိမ်ရှင်မများအတွက် နောက်တစ်ခွက်ချက်ရသက်သာစေမှာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ – ကီလိုဝက် (ကြက်သားနဲ့ ချက်လဲကောင်းပါတယ် )
  • ပဲငံပြာရည်အနောက် – စားပွဲဇွန်း  ၂ဇွန်း
  • ပဲငံပြာရည် အကြည်(အချို) – စားပွဲဇွန်း  တစ်ဇွန်း
  • ခရုဆီ (Oyster Sauce) – စားပွဲဇွန်း  ၂ဇွန်း
  • တရုတ် ဟင်းချက်ဝိုင် – စားပွဲဇွန်း  ၄ဇွန်း
  • ဂျင်း ပါးပါးလှီထားတာ – ၁၀ခု
  • ကြက်သွန်ဖြူ – ၆မွှာခန့် (အခွံခွါစရာမလိုပါ)
  • ကြက်သွန်ဖြူ အနှစ် – လဖက်ရည်ဇွန်း တစ်ဇွန်း (မရှိလျင် ကြက်သွန်ဖြူကို ထောင်းပါ)
  • ငရုပ်သီးခြောက် – ၆တောင့်ခန့်
  • နှမ်းဆီ – စားပွဲဇွန်း ၅ဇွန်းခန့်
  • သကြား – စားပွဲဇွန်း ၂ဇွန်းခန့်
  • ကြက်သွန်မြိတ်ကြီးကြီး – တစ်ခု (တစ်လက်မလောက်စီ လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ – တစ်လုံး  ၈စိတ်စိတ်ပါ။
  • ငရုပ်ကောင်း – လဖက်ရည်ဇွန်းတစ်ဝက်ခန့်
  • ပြောင်းဖူးမှုန့် (Corn Flour) (သို့)ကော်မှုန့် စားပွဲဇွန်းတစ်ဇွန်း ေ(ရနဲ့ ပျစ်ပျစ် ဖျော်ထားပါ)
  • ကြက်သားမှုန့် – သင့်သလို

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ကြက်တောင်ပံတွေကို ရေဆေးပြီး ကြက်သားမှုန့် ၊ ငရုပ်ကောင်းတို့နဲ့ နယ်ထားပါ။ ဒယ်အိုး (သို့) ဒန်အိုးထဲမှာ နှမ်းဆီကို ထည့်ပါ ။   ဆီကျက်ရင် ဂျင်း ၊ ကြက်သွန်ဖြူ အနှစ် ၊ ကြက်သွန်ဖြူအမွှာလေးတွေကို ထည့်ပြီး မွှေးနေအောင် ဆီသတ်ပါ။
  2. မွှေးလာရင် ငရုပ်သီးထည့်ပြီး ကြက်တောင်ပံကိုလည်းထည့် မွှေပေးပါ။ အဲဒီမှာ နှမ်းဆီနဲ့ ဆီသတ်ထားတော့ ဂျင်း ၊ ကြက်သွန်ဖြူနံ့နှင့် ကြက်သားက တော်တော်ကို မွှေးနေပါမယ်။
  3. ကြက်တောင်ပံတွေ ကျက်လာပြီး ဆီသတ်တာ ကပ်လာပြီဆို ပဲငံပြာရည် အကြည်ရည် ၊ အနောက်ရည် ၊ ခရုဆီ ၊ ဟင်းချက်ဝိုင် ၊ သကြား အစရှိသည်တို့ကို ရောထည့်ပြီး ခဏလုံးလိုက်ပြီး မွှေလိုက်ပါ ။ အရမ်းကပ်နေရင်တော့ ရေပါ နဲနဲထည့်ပါ။
  4. ပြီးတော့ မြေအိုးထဲကိုပြောင်းထည့် ၊ ရေကို ကြက်သားမြုတ်အောင်ထည့်ပြီး အဖုံးအုပ် မီးအေးအေးနဲ့ နာရီဝက် ပေါင်းရပါမယ် ။ (မြေအိုးမရှိလဲ စောနက အိုးနဲ့ ပေါင်းလဲ ရပါတယ် ။ မြေအိုးနဲ့က ပိုနူးလွယ်ပါတယ် ။)
  5. ကြက်သားနူးအိလာရင် ကော်ရည်ဖျော်ထားတာ လောင်းထည့် ၊ ကြက်တောင်ပံတွေ မကြေအောင် အသာလေး မွှေပေးပါ ။ ပြီးရင် ကြက်သွန်နီ ၊ ကြက်သွန်မြိတ်ထည့် ၊ တစ်မိနစ်လောက်ထပ်တည် ၊ အပေါ့ ၊ အငံ ၊ အချိုလေးမြည်းပြီး စားလို့ရပါပြီ။

Credit: TT Sweet