မိုးကုတ်မြို့ တောင်ပေါ်မြို့လေးရဲ့ တစ်နှစ်ပတ်လုံး ရှိတတ်တဲ့ အစားအစာလေးပါ။ နေ့လည်ခင်း အစာပြေစားဖို့၊ သူငယ်ချင်းတွေနဲ့ အပျင်းပြေထွက်ပြီး စားလေ့ရှိကြတဲ့ မုန်ညှင်းပေါင်းပါ ။ မိုးအကုန် ဆောင်းအကူး ရာသီမှာ မုန်ညှင်းတွေ လှိုင်လှိုင်ပေါများချိန်( သို့) အဖူးအညွှန့်တွေ ထွက်ချိန်ဆို ပိုပြီးတော့ အရသာ ကောင်းမွန်ပါတယ် ။ ရောင်းတမ်းကတော့ တစ်စည်း စာလေးတွေကို နှီးနဲ့ ချည် ပြီး ပေါင်းပေမယ့် အိမ်မှာ စားမယ် ဆိုရင်တော့ ဝါးနှီး မချည် ပဲလည်း ပေါင်းလို့ ရပါတယ်။
ပါဝင်ပစ္စည်းများ
- မုန်ညှင်းစိမ်း အဖူးအညွှန့် – ၅ စည်း (နုသော အပိုင်းများကိုသာ ရွေးချယ် သန့်စင်ထားရန်)
- ဆန်မှုန့်အစိမ်း – ၂၀ ကျပ်သား
- ပဲမှုန့်အစိမ်း – အနည်းငယ်
- မြေပဲစိမ်း – ၁၀ ကျပ်သား (အခွံကျွတ်ရုံ လှော်ပြီး လုံးချမ်းကွဲ ထောင်းထားရန် )
- ရှမ်းပဲပုတ် – ၂ချပ် ( မီးကင်ပြီး မှုန့်နေအောင် ထောင်းရန်)
- ချင်း+ကြက်သွန်ဖြူ – အနည်းငယ်( ရောပြီး ညှက်နေအောင် ထောင်းရန်)
- ခရမ်းချဉ်သီး ၃ လုံး ( ပါးပါးလှီး – ထားရန်)
- တွဲဖက်စားရန် – ကြက်သွန်ဖြူ – ၁၅ တက် (မညှက်တညှက်ထောင်းပြီးဆီချက်သတ်ချက်ထားပါ)
- တွဲဖက်စားရန် – ငရုတ်သီးခြောက် – လက်တစ်ဆုပ် (မီးအေးအေးနှင့် လှော်ပြီးထောင်း ၊ ထောင်းပြီး ရလာသော အမှုန့်ကို နှမ်းအနည်းငယ် ရောကာ အပေါ်မှ ဆီပူပူ လောင်းချပါ။)
ပြုလုပ်နည်း
- သန့်စင်ထားသော မုန်ညှင်းတွေကို ရေစင်အောင် ဆေးပြီး စစ်ထားပါ။ တစ်ယောက်စာ အစည်းလေး များ လုပ်လိုက ဝါးနှီးလေးနှင့် ချည်နှောင်ပါ။
- ဇလုံတစ်ခု အတွင်းတွင် ဆန်မှုန့် ၊ ပဲမှုန့် ၊ ပဲပုပ်ထောင်း ၊ မြေပဲ ၊ ခရမ်းချဉ်သီး ၊ ဆား၊ ပာင်းခတ်မှုန့် အားလုံးနှင့် ရေကို(ပထမ) သင့်တော်ရုံ ထည့်ပြီး ရောနှယ်ပါ။
- မုန်ညှင်းစည်းများကို မုန့်နှစ်ရည်ထဲ ထည့်လူးကြည့်ပါ။ ပြည့်ဝစွာ မဖုံးအုပ်မိပါက ရေအနည်းငယ် ထပ်ဖြည့်ပါ။ ( မှတ်ချက် – တစ်ခါတရံ မုန်ညှင်း ရေစစ်တာမှာ ရေကျန်နေရင် မုန့်နှစ်ရည် ကျဲသွား တတ်သောကြောင့် ဖြစ်သည်။)
- မုန့်နှစ်ရည် ကောင်းမွန်စွာ လူးထားသော မုန်ညှင်း စည်းလေးများကို ပေါင်းချောင် အတွင်း သေချာစီ ထည့်ပါ ။ အငွေ့ ပြည့်ဝစွာ ရရှိရန် မုန်ညှင်းစည်းကြားတွေထဲမှာ အပေါက် ဖောက်ပေးပါ ။ အငွေ့လုံစေရန် အဖုံးကို သေချာစွာ ပိတ်ပြီး မိနစ်(၂၀) မှ ၂၅ မိနစ် အတွင်း ပေါင်းပါ။
- သတိပြုရန် ပေါင်းတဲ့ နည်းလမ်းမှာ အငွေ့ကောင်းမွန်စွာ ရဖို့ ပေါင်းအိုး အတွင်း အငွေ့လုံနေဖို့ အထူး အရေးကြီး ပါသည်။ ရလာသော မုန်ညှင်းပေါင်း စည်းလေးများကို ကပ်ကြေးနဲ့ ညှပ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက် နှစ်သက်ရာ အကြော်စုံတို့နဲ့ တွဲဖက် စားသုံးနိူင်ပါသည်။
Credit: Original Uploader