နာမည်ကြားလိုက်တာနဲ့တင် ဘယ်လိုဟင်းလျာမျိုးပါလိမ့်ဆိုပြီး စဉ်းစားချင်စရာပါနော်။ ယခုဖော်ပြပေးမယ့် စတော်ဘယ်ရီ ပုဇွန်ကီဝီကြော် ဟင်းလျာလေးက နာမည်အတိုင်းပင် အသီးတွေနဲ့ ပင်လယ်စာအနွယ်ဝင် ပုစွန်တို့ကို ရောချက်ထားလို့ မချိုမချဉ်အရသာလေးဖြစ်နေမှာပါ။ အသီးလေးတွေနဲ့ရောထားလို့ ကလေးတွေလည်း အစားချေးများတို့မှ မဟုတ်တော့ဘူးနော်။ ဒါကြောင့် အိမ်မှာမိသားစုဝင်တွေနဲ့ ထမင်းလက်ဆုံစားတဲ့အခါမှာ အရသာရှိတဲ့ဟင်းခွက်လေး နောက်တစ်မျိုးတိုးလာအောင် အခုပဲချက်လိုက်ကြရအောင်။

strawberry

  • စတော်ဘယ်ရီသီး
  • ကီဝီသီး
  • ပုဇွန်
  • ဆား
  • အရသာမှုန့်
  • ဟင်းချက်ဝိုင် အနည်းငယ်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုပ်သီး  အနည်းငယ်
  • ကော်မှုန့်  အနည်းငယ်
  • ရေ အနည်းငယ်
  • ပဲငံပြာရည် အကြည်
  • ရှာလကာရည်
  • နှမ်းဆီမွှေး
  • သကြား အနည်းငယ်
  • ကြက်သွန်မြိတ်

ပြင်ဆင်ပြုလုပ်နည်း

စတော်ဘယ်ရီနဲ့ ကီဝီသီးများကို ရေဆေးပြီး ကီဝီသီးကို အခွံနွာပါတယ်။ ဟင်းချက်မဲ့ ကီဝီသီးဟာ မှည့်ပြီး ပျော့အိနေတဲ့ အသီးမျိုးမဟုတ်ဘဲ မပျော့မအိတဲ့ ခပ်မာမာ အသီးကို အသုံးပြုဖို့ လိုပါတယ်။

စတော်ဘယ်ရီနဲ့ ကီဝီသီးများကို အနေတော် အတုံးလေးတွေ တုံးပါ။ ပုဇွန်တစ်ချို့ကို ရေဆေး အကြောဖယ်ပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ် ထည့် ပြီး နယ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး တောက်တောက်စင်းထားပါတယ်။ ငရုပ်သီး အနည်းငယ် ထည့်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊  ကြက်သွန်နီကို ဆီသတ်ပါ။ အရောင်များ မထည့်ပါ။

ထို့နောက် ပုဇွန်များကို ထည့်လိုက်ပါတယ်။ ပုဇွန်ကျက်လောက်တဲ့ထိ ကြော်ပါတယ်။ ကော်မှုန့် အနည်းငယ်၊ ရေအနည်းငယ်၊ ဆား၊ အသားမှုန့်၊ ပဲငံပြာရည် အကြည်၊ ရှာလကာရည် ၊ နှမ်းဆီမွှေး၊ သကြားအနည်းငယ်တို့ ရောမွှေထားတဲ့ အရောအနှောပါ။

အထက်က အရည်ကို ပုဇွန်အိုးထဲ လောင်းချပြီး မွှေလိုက်ပါတယ်။ ကော်ရည်တွေ ခပ်ပစ်ပစ် ဖြစ်လာအောင် ခဏ မွှေပေးပါတယ်။ ထို့နောက် ကီဝီသီး၊ စတော်ဘယ်ရီသီးနဲ့ ငရုပ်သီးတို့ကို ထည့်လိုက်ပြီး မွှေလိုက်ပါတယ်။

အသီးများကို ထည့်ပြီး တာနဲ့ မွှေလိုက်ပါတယ်။ ထို့နောက် အရသာ အပေါ့အငံမြည်းပြီး မိမိနှစ်သက်တဲ့  အရသာဖြစ်အောင် လိုအပ်တာတွေ ထပ်ထည့်ပြီးတာနဲ့ ကြက်သွန်မြိတ်လေး အနေတော်လှီးထားတာကို ခတ်ပြီး ချ၍သုံးဆောင် နိုင်ပါပြီ။

အသီးများကို မီးပေါ် အချိန်ကြာကြာ မထားရပါ။  ကီဝီသီးနဲ့ စတော်ဘယ်ရီတွေဟာ အပူချိန် ပြင်းရင် ချက်ခြင်း ပျော့အိသွားတတ်တာကြောင့် အမြင်လည်း မလှ အရသာလည်း ပျက်သွားတတ်ပါတယ်။ ဒါကြောင့် အဲဒီအသီးတွေကို အိုးထဲထည့်ပြီးတာနဲ့ ချက်ခြင်းဘဲ ခူးခတ်ဖို့ ပြင်ဆင်ရပါတယ်။ ချက်ခြင်း ခူးလိုက်တော့ အသီးရဲ့ မူလ အရသာလည်း မပျက်၊ ပုဇွန်ရဲ့ အရသာနဲ့ပါ ရောစပ်ပြီး အရသာ တစ်မျိုးထူးတဲ့ ပုဇွန်ရယ် စတော်ဘယ်ရီရယ် ကီဝီသီးရယ်ကို ချိုချဉ်လေး ကြော်ထားတာ သုံးဆောင်လို့ ရပါပြီ။ ဟင်းရဲ့ အရသာက တကယ်ကောင်းပါတယ်။ ထမင်းလည်း မြိန်စေပါတယ်။

Credit: Chaw