ဝက်အူချို ပြုတ်နည်းလေး ပြောပြပါမယ်။ ဝက်အူချိုကိုဝယ်ရင် အတွဲလိုက်ဝယ်ပါ။ အတုံးများ မတုံးပါနဲ့။ တုံးပြီးမှ ချက်ရင် နူးရန်ကြာလို့ပါ။

ပါဝင်ပစ္စည်းများ

  • ဝက်အူချို
  • ဝက်သုံးထပ်သား
  • ဆား
  • ရှာလကာရည်
  • ရေ
  • သကြား
  • ကြက်သားမူန့်
  • ပဲနောက်ရည်
  • ပဲအကြည်ရည်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • နာနတ်ပွင့်
  • စမုံစပါး
  • ဆီ
  • ငြုတ်ကောင်းမူန့်
  • အချဉ်ရည်
  • ကြက်ဥပြုတ်

ပြုလုပ်နည်း

အူချို အတွဲလိုက်ကို ဆားနဲ့ရှာလကာရည် ထည့် နာနာနယ်ပြီး ရေနဲ့ ဆေးချပါ။

ရေဆေးပြီးတဲ့ အူချိုများကို ပြုတ်မည့်အိုးထဲ ထည့် ၊ သကြား ၊  ကြက်သားမူန့် ၊  ပဲနောက်ရည် ၊ ပဲအကြည်ရည် ၊  ဂျင်း ကြက်သွန်ဖြူ ထုထည့် ၊ နာနတ်ပွင့်နဲ့ စမုံစပါး နဲနဲထည့် ဆီနဲနဲထည့် ၊ ရေမြုပ်အောင် ထည့်ပြီး နူးအောင်ပြုတ်ပါ။

ဝက်သုံးထပ်သား ပါ ထည့်ပြုတ်ပါ။ နူးပြီး ဆီပြန်ခါနီးမှ အရသာ မြည်းပြီး ငြုတ်ကောင်းမူန့် ဖြူးပါ ။  ဒါဆို ဘာညှီနံ့မှ မရဘဲ မွှေးနေပါတယ်။

နူးပြီး ဆီပြန် ၊ အရောင် ရဲလာရင် အတွဲလိုက် ဘန်းထဲထည့် အအေးခံပြီးမှ အူချို အတွဲကို ကြိုက်သလို ကပ်ကြေးနဲ့ညှပ် အချဉ်ရည်နဲ့တို့စားပါ။

ကြက်ဥကိုပြုတ် အခွံခွာပြီး အူချို ဆီကျန်ရေကျန် အချိန်မှာ ကြက်ဥပြုတ်တွေ ထည့် လှိမ့်ပြီး ညိုရောင် သန်းရင် ဆယ်ပြီး လေးခြမ်းစိတ်ပြီး ထည့်ပါ။

Credit: Ohnmar Kyi