အားလုံးပဲမင်္ဂလာပါ။အိမ်ရှင်မတို့အနေနဲ့ တစ်နေ့နဲ့ တစ်နေ့ ဟင်းလျာတွေမထပ်အောင်ချက်ပြုတ်ရတာလည်း ခေါင်းစားစရာတစ်ခုဖြစ်နေမယ်ထင်ပါတယ်။ဒီတစ်ခေါက်မှာတော့ အိမ်သားတွေအားလုံး ထမင်းမြိန်စေမယ့်ထူးရှယ်ဟင်းလျာတစ်ခုဖြစ်တဲ့ ရှူးရှူးရှဲရှဲ အမဲကြော်အစပ်ဟင်းလျာလေးကို အလွယ်ကူဆုံးနဲ့ အရသာရှိဆုံး ချက်ပြုတ်နိုင်မယ့် နည်းလမ်းလေးမျှဝေပေးချင် ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင်
  • မုလာဥနီ ၂ လုံး
  • ဂျင်း ၁ တက်
  • ကြက်သွန်မြိတ် ၂ ချောင်း
  • ပဲငံပြာရည်အနောက် ၁ ဇွန်း
  • ငရုပ်သီးအနှစ် ၃ ဇွန်း
  • ဆား ဇွန်းတစ်ဝက်ခန့်
  • သကြား ၁ ဇွန်း
  • ငရုပ်ကောင်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် ၁ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး အမဲသားကို ခပ်ရှည်ရှည်မထူမပါး အတုံးလေး တွေတုံးပါ။ထို့နည်းတူ မုလာဥနီ၂လုံးကိုလည်း မထူမပါး အရှည်လိုက်အတုံးလေးတွေတုံးပေးရပါမယ်။ပြီးရင်တော့ အမဲ သားကို ဆားအနည်းငယ် ငရုပ်ကောင်းအနည်းငယ်ဖြင့်ရော နယ်ပြီး ၁၀ မိနစ်ခန့်နှပ်ထားပေးပါ။အမဲသားနှပ်ထားစဉ်အတွင်း ဂျင်း ၁ တက်ကိုခပ်ပါးပါးလှီးပြီး ကြက်သွန်မြိတ်ကိုလည်း အရှည်လိုက်ခပ်ပါးပါးလှီးထားပေးရပါမယ်။

(၂) ထို့နောက် ဒယ်အိုးတစ်ခုအတွင်း ဟင်းသီးဟင်းရွှက်ဆီ ၇ ဇွန်းခန့်ထည့်ပြီး အပူပေးပါ။ဆီဆူလာပြီဆိုရင်တော့ ခုနကနှပ် ထားတဲ့အမဲသားကို ထည့်ကြော်ပေးရပါမယ်။အမဲသားတုံးလေးတွေအားလုံး အညိုရောင်ပြောင်းသွားတဲ့အထိကြော်ပေးပါ။ပြီးရင်တော့ ဟင်းချက်ဝိုင် ၁ ဇွန်းခန့်ရောထည့်ပြီးကြော် ပေးရပါမယ်။ထို့နောက်ပဲ ငရုပ်သီးအနှစ်နဲ့ ငံပြာရည်အနောက် ၁ ဇွန်းခန့်ထပ်ထည့်ပြီး အမဲသားတုံးလေးတွေကို ၂ မိနစ်ခန့်သမအောင်မွှေကြော်ပေးပါ။

(၃) ဆက်လက်ပြီး နုပ်နုပ်ဆင်းထားတဲ့ဂျင်းရယ် ကြက်သွန်မြိတ်ရယ်ကိုရောထည့်ကာ ၁ မိနစ်ခန့်ထပ်ကြော်ပေးရပါမယ်။ ဂျင်းနဲ့ ကြက်သွန်မြိတ်အနံလေးမွှေးလာပြီဆိုရင် ပထမလှီးဖြတ် ထားတဲ့မုလာဥနီအချောင်းလေးတွေကိုရောထည့်ပြီးအမဲသား နဲ့မျှသွားအောင် သေချာလေးမွှေပေးပါ။နောက်ဆုံးမှာတော့ အရသာအတွက် ဆားအနည်းငယ် သကြားနဲ့ ငရုပ်ကောင်းတို့ကိုထပ်ထည့်ပြီး ၁ မိနစ်ခန့်ဆက်ကြော်ပေးရပါမယ်။

(၄) အမဲကြော်အနံ့လေးလည်းမွှေးလာပြီ မုလာဥနီလေးတွေလည်း အနည်းငယ်နူးလာပြီဆိုရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။ထို့နောက် မိမိကြိုက်နှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်၍အလှဆင်လိုက်ပါ။ဒါဆိုရင်တော့ အရောင်အဆင်းအားဖြင့်လည်း စားချင်စဖွယ်အပြည့်နဲ့ မွှေးပျံတဲ့ရနံ့တို့နဲ့အတူ လွယ်ကူရိုးရှင်းလှတဲ့ ရှူးရှူးရှဲရှဲအမဲသားအစပ်ကြော်ဟင်းလျာလေးကို အရသာရှိရှိသုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။