အားလုံးပဲ မင်္ဂလာပါ။ အခုလို မိုးရာသီရောက်လာပြီဆိုရင် ဖားကျော်စံကေးလေးတွေကိုလည်း ဈေးထဲမှာရောင်းနေတာ မြင်တွေ့လာရမှာပါနော်။ ဒါကြောင့် ဖားလေးတွေကို ကြော်စားရတာကို ကြိုက်တဲ့သူတွေအတွက် ကြွပ်ကြွပ်ရွရွနဲ့ စားလို့ကောင်းမယ့် ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်နော်။
ပါဝင်ပစ္စည်းများ
- မန်ကျည်းရွက်နု – ၂၀ ကျပ်သား
- ကျော်စံကေးဖား – ၄၀ ကျပ်သား
- ကြက်သွန်နီ – ၂ လုံး
- ကြက်သွန်ဖြူ – ၅ တက်
- ငရုတ်ခြောက်တောင့် – ၅ တောင့်ခန့်
- ငရုတ်သီးစိမ်း – ၁၀ တောင့်ခန့်
ပြုလုပ်နည်း
- ကျော်စံကေး ဖားလေးတွေကို ပါးစပ်ခွဲပြီး အစာအိမ် လမ်းကြောင်း တလျှောက် သန့်စင် ဖယ်ရှားပါ။ ရေဆေး ၊ စစ်ပြီး အတုံးငယ် လေးများ တုံးပါ ။
- မန်ကျည်းရွက်နုကို ရေဆေးပြီး ညှာတံလေးတွေ သန့်စင်ဖယ်ရှားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်တောင့်ကို ညှက်နေအောင် ထောင်းပါ။
- ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ ဒယ်အိုးတစ်လုံးမှာ ကြက်သွန်နီကို နနွင်းမှုန့် အနည်းငယ်နှင့် အတူဆီသတ်ပြီး နွမ်းလာပြီဆို ထောင်းထားသော အရောကို ထည့်ပေါင်း ဆီသတ်ပါ။
- မွှေးလာပြီဆိုရင် အရသာ နယ်ထားသော ဖားလေးတွေထည့် ကြော်ပါ။ ငါးငံပြာရည် ၊ ဟင်းခတ်မှုန့် တို့ဖြင့် အရသာသွင်းပါ။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေကိုလည်း ထည့်ပေါင်းပါ။
- ရေခမ်းသွားပြီဆိုမှ မန်ကျည်းရွက်တွေ ထည့်ပေါင်းကာ ခြောက်ပြီး လှိမ့်နေအောင် ကြော်ပေးရပါမယ်။
Credit: ဟင်းချက်နည်းများ