ပုစွန်ကျော့နှင့် ပုစွန်ကျား ၂ မျိုးကို အသုံးပြုပြီး ချက်ထားတဲ့ဟင်းဖြစ်ပါတယ်။ ပုစွန်မှ ထွက်လာသော သဘာဝ အချိုအရသာနှင့် တွဲဖက်ပြီး ချက်ထားတာ စားလို့ အတော်ကောင်းလွန်းလို့ အဲဒီလို နေ့မျိုး ထမင်းအိုး ပြောင်ပါတယ် ။ ပရိသတ်ကြီးလည်း ချက်စားကြည့်လိုက်ပါအုံးနော်… ။
ပါဝင်ပစ္စည်းများ
- မျှစ် – ၁၅ ကျပ်သား (မျှင်ထားပြီးသား)
- ကိုင်းခရမ်းချဉ်သီး – ၅ လုံး (ခပ်ပါးပါး လှီးထားပါ)
- ပုစွန်ကျော့ – ၁၅ ကျပ်သား (အခွံခွာထားပါ)
- ပုစွန်ကျား – ၁ဝ ကျပ်သား (ခေါင်းကိုထားပြီး ကိုယ်ပိုင်းအခွံများခွာထားပါ)
- ပင်စိမ်း – ၃ ပင် (ခပ်ကြမ်းကြမ်းလေးလှီးထားပါ)
- (ဟင်းအနှစ် လုပ်ရန်)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ – ၃ မြွှာ(ထောင်းထားပါ)
- ကြက်သွန်နီ – ၂ လုံး (ထောင်းထားပါ)
- အသီးအရွက်ဆီ – ၃ ဇွန်းခွဲ စားပွဲဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးစိမ်း – ၁ဝ တောင့် (ထက်ခြမ်းခြမ်းထားပါ)
- ပင်စိမ်းရိုး – ၃ ရိုး
- အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
- အိုးထဲကို ဆီထည့်ပြီး ဆီပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်နီ-ဖြူကို အရင်ဆီသတ်ပါ ။
- ကြက်သွန်ဖတ်များ နွမ်းလာလျှင် ဟင်းအနှစ်လုပ်ရန် ပစ္စည်းများ ထည့်ပါ ။
- မီးအနေတော်နှင့် ဆီသတ်ပါ ။ အိုးမကပ်အောင် မွှေပေးပါ ။
- အရောင်လှပြီး အားလုံး မွှေးလာလျှင် ခရမ်းချဉ်သီး ရောပါ ။ အခွံလိပ်လာပြီး ဆီပြန်လာတဲ့အထိ တည်ပါ ။
- ခရမ်းချဉ်သီးအနှစ်ထဲ ပုစွန်များရောပါ။ ခပ်ဖွဖွလေး မွှေပေးပါ ။
- ပုစွန်အရောင်ပြောင်းလာလျှင် မျှစ်ရောပါ ။ မျှစ်နူးအိလာတဲ့အထိ တည်ပါ ။
- အိုးချခါနည်း ပင်စိမ်းအုပ်ပါ။ အရသာကို ကိုယ့်စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။
- ထမင်းပူပူလေး ဖြင့်တွဲ စားသုံးပါက ပိုမိုကောင်းမွန်ပါတယ်။