မြန်မာ့ အစားအစာလား ဒါမှမဟုတ် တခြားနိုင်ငံကနေ မွေးစားထားတဲ့ အစားအစာလား သေချာမသိပေမယ့် မြန်မာတွေ နှစ်သက်ပြီး သရေစာအဖြစ်ရော ဟင်းအဖြစ်ပါ စားသုံးကြတဲ့ အစားအစာတစ်မျိုးဆိုတာတော့ သေချာပါတယ်။ ကြာဇံချက်ကို မြင်တာနဲ့ ရှောက်သီးသုပ်ကိုပါ တွဲမြင်တတ်ကြပါတယ်။ ခံတွင်းမြိန်စေပြီး နလန်ထ လူမမာတွေ တောင့်တ တတ်တဲ့ အစားအစာ တစ်မျိုးပါ။
ချက်ပြုတ်ရ လွယ်ကူပြီးဝယ်စားရင်လည်း ဈေးသက်သာပြီး နေရာတိုင်း နီးပါ ရနိုင်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲပြီးရင် လူကြိုက်အများဆုံး အစားအစာပါ။ မနက်စာအဖြစ် စားသုံးတာ ရှားပေမယ့် ညနေ ရုံးပြန်လာချိန်တွေနဲ့ နေ့လည် ထမင်းစားချိန်တွေမှာတော့ စားသုံးဖြစ်ပါတယ်။
တချို့က ကြာဇံချက်လို့ ခေါ်ပြီး တချို့ကတော့ ကြာဇံဟင်းခါးလို့ ခေါ်ပါတယ်။ အရည်ကျဲကျဲချက်တာ ရှိသလို အပျစ်ချက်ပြီး စားကြတာလဲ ရှိပါတယ်။ ထမင်းနဲ့ တွဲစားတဲ့အခါ ဟင်းချိုအဖြစ် စားကြပြီး စတုဒီသာ အလှူတွေမှာလည်း ကျွေးမွေးတဲ့ အစားအစာ တစ်မျိုးပါ။ နယ်ဘက်တွေမှာဆိုရင် အလှူပွဲတွေမှာတောင် ကျွေးကြပါတယ်။ ဘုန်းကြီး အာရုံဆွမ်းကပ်တာတို့၊ တရားစခန်း အာရုံဆွမ်းတို့မှာ ကျွေးတဲ့ အစားအစာ တစ်မျိုးပါ။ ကြာဇံချက်ဟာ ကြက်သားကို အဓိကထား ချက်ပြုတ်တဲ့ အစားအစာ ဖြစ်ပြီး သတ်သတ်လွတ် ချက်ပြုတ်မယ်ဆိုရင်လည်း လွယ်ကူစေမယ့် ဟင်းမျိုးပါ။
ကြာဇံချက်မှာ အဓိက ပါဝင်တာတွေကတော့
- ပဲကြာဇံ
- ကြက်သား/ကြက်ရိုး
- ကြက်သွန်နီ (အလုံးလိုက်ထည့်ဖို့ အသေး)
- ကြက်သွန်ဖြူ
- ဂျင်း
- ပဲပြား
- မှိုခြောက် (ကြွက်နားရွက်မှို၊ အဖိုးကြီးနားရွက်)
- ပန်းခြောက်
- ပဲလိပ်
- ငရုတ်ကောင်း
- ငရုတ်သီး အရောင်တင်
- ငံပြာရည်ကောင်းကောင်း
- ဆနွင်း
ဆီ/ဆား တို့ ဖြစ်ပါတယ်။ မှိုခြောက်ကို မချက်ခင် ရေစိမ်ထားပြီး သဲစင်အောင် ဂရုစိုက်ဖို့ လိုပါတယ် မဟုတ်ရင် သဲတရှပ်ရှပ်နဲ့ အာရုံနောက်စေမယ့် အရသာ ထွက်လာပါလိမ့်မယ်။ တချို့က ငုံးဥတို့ ကြက်ဥတို့ကိုလည်း ထည့်စားပါတယ်။
စားတဲ့ အခါမှာ သံပုရာသီးလေး ညှစ်ပြီး ငရုတ်သီးလှော် မွှေးမွှေးလေးကို ဖြူး နံနံပင်လေး အုပ် ပါးပါးလှီးထားတဲ့ ကြက်သွန်နီလေး ထည့်လိုက်ရင်ဖြင့် အလွန်မြိန်စေမယ့် ကြာဇံချက်ရဲ့ အရသာကို တွေ့ပါလိမ့်မယ်။ ငါးဖယ်ကြော် ထည့်စားချင်သူတွေ အတွက်လည်း ငါးဖယ်လေး ညှပ်ပြီး စားလို့ ရပါသေးတယ်။
ချက်ပြုတ်ရာမှာ ခက်ခဲမှု မရှိပါဘူး။ ပဲကြာဇံ၊ မှိုခြောက်ပန်းခြောက်၊ ပဲလိပ်တွေကို ရေစိမ်ထာားပါ။ အရင်ဆုံး ကြက်ရိုးကို ပြုတ်ပါ။ ကြက်ရိုးနည်းနည်း နူးရင် ဆယ်ပြီး အသားနွှင်ပါ။ ကြက်သွန်ဖြူ/နီ ၊ ဂျင်း၊ နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်တို့ကို ဆီသတ်ပါ။ ပြီးရင် နွှင်ထားတဲ့ ကြက်သားတွေပါ ထည့်ပြီး မွှေပါ။ အပေါ့အငံအတွက်ပါ ဆားထည့်ထားပါ။ အသားပြုတ်ရည်ကို ဆူအောင် ပြန်တည်ပြီး ကြက်သားဆီသတ်၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ငုံးဥတို့ ရောထည့်ပြီး ခဏထားပါ။ အရသာ မြည်းပြီး လိုအပ်ရင် ငံပြာရည်နဲ့ ဟင်းခတ်မှုန့် ထည့်ပါ။ ကဲ ဒါဆို ရပါပြီ။ တစ်ခု သတိထားရမှာက ကြာဇံချက်ဟာ ပူပူပဲ စားလို့ကောင်းပါတယ်။ ဒါကြောင့် စားခါနီးတိုင်း ပြန်နွှေးစားရပါတယ်။ အဲ့ဒီအခါ ကြာဇံတွေက အရမ်းပျော့သွားတာမျိုး မဖြစ်စေချင်ရင်တော့ ကြာဇံတွေကို သပ်သပ်ထားပြီး စားခါနီး နွှေးမှာ ထည့်စားရင် ပိုကောင်းပါတယ်။
ချက်ရတာ လွယ်ကူပြီး ခံတွင်းတွေ့စေမယ့် ကြာဇံချက်ကို ပိတ်ရက်လေးတွေမှာ ချက်စားလိုက်ရအောင်နော်။