ရှမ်းပြည်တောင်ပိုင်းကို အလည်အပတ် သွားကြရင် မသွားမဖြစ်က အင်းလေးကန်ပါ။ အင်းလေးဆိုတာ မြန်မာတင်မက ကမ္ဘာကပါ စိတ်ဝင်စားခံရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အင်းလေးက ရိုးရာ အစားအစာတွေဟာလည်း စွဲဆောင်မှု ရှိနေပြန်ပါတယ်။ ဒေသတွင်း ခရီးသွားသူတွေရော ပြည်ပ ခရီးသွားသူတွေပါ ရောက်ရင် ဒေသလက်ရာ အစားအစာတွေကို ခုံခုံမင်မင် စားကြပါတယ်။ အင်းလေးမှာတော့ မစားမဖြစ် စားရမယ့် အစားအစာတွေ များလှပါတယ်။ ဒီထဲမှာ ဝက်သားချဉ်လည်း အပါအဝင်ပါ။

ဝက်သားချဉ်ဟာ မြန်မာပြည် အင်းလေးဒေသရဲ့ ရိုးရာအစားအစာလို့ ပြောလို့ရသလို အရှေ့တောင်အာရှမှာလည်း စားကြတဲ့ အစားအစာ တစ်မျိုးပါ။ ရှမ်းပြည်နယ် တစ်ခုလုံးကတော့ ဝက်သားချဉ်ကို နေရာဒေသလိုက်ပြီး ပုံစံအမျိုးမျိုး လုပ်ကြပါတယ်။ အခြေခံကတော့ အတူတူပါပဲ။

ရှမ်းဝက်သားချဉ်ကတော့ အနံ့မွှေးပြီး စွဲဆောင်မှု ကောင်းလှတာကြောင့် မစားဘဲ မနေနိုင်အောင်ပါပဲ။ တစ်ချို့ကတော့ ဝက်သားချဉ်နဲ့ ငါးထမင်းနယ်ကို အရောဆိုပြီး စားကြပါတယ်။ ရှမ်းပြည်က လူတွေ အတော်များများဟာ အရောကို စားကြတာများပါတယ်။

porkrice

ဝက်သားချဉ်မှာ အဓိက ပါဝင်တာတွေကတော့ အဆီမပါတဲ့ ဝက်သားပါ။ ဝက်သားမစားသူတွေ အတွက်ကတော့ ငါးထမင်းနယ်ပဲ အဆင်ပြေနိုင်ပါမယ်။ ဝက်သားစားသူတွေ အတွက်ကတော့ နတ်သုဒ္ဒါပါပဲ။

ဝက်သားချဉ်လုပ်ရမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့

  • အဆီမပါတဲ့ ဝက်သား
  • ဆား
  • ဟင်းခတ်မှုန့်
  • ရှမ်းဆန်
  • ငှက်ပျောဖက်

တွဲဖက်စားသုံးတဲ့ အစားအစာတွေကတော့

  • ငရုတ်သီးတောင့်ကြော်
  • ငရုတ်သီးဆီချက်
  • မေပဲထောင်း
  • ဂျူးမြစ်
  • မုန်ညှင်းချဉ်

ဝက်သားချဉ် လုပ်တော့မယ်ဆိုရင် အဆီမပါတဲ့ ဝက်သားကို နုတ်နုတ်စင်း (သို့) ကြိတ်လိုက်ပါ။ ကြိတ်ပြီးသား ဝယ်သုံးရင်လည်း အဆင်ပြေတာပါပဲ။ ပြီးရင် ဆားလေးနဲ့ ဟင်းခတ်မှုန့် ဒါမှမဟုတ် သကြားရယ်ကို ထည့်ပြီး ဝက်သားကို နယ်ပေးပါ။ အရသာ ပိုစိမ့်ဝင်အောင် နယ်ပြီး ခဏနှပ်ထားပါ။ ဆန်ကို စေးစေးလေးဖြစ်အောင် ရှမ်းဆန်နဲ့ ချက်ပါ။ ရှမ်းဆန်ကို အနေတော်လေး ချက်ထားပါ။ ထမင်းနဲ့ ဝက်သားတွေကို ရောနယ်ပါမယ်။

ထမင်းကို အရမ်းမထည့်ရပါဘူး။ သင့်ရုံလောက် ထည့်ရင် ရပါပြီ။ ငါးထမင်းနယ်သလို ကြေနေအောင် နယ်ရပါမယ်။ ဆားနဲ့ ဟင်းခတ်မှုန့် နည်းနည်းထပ်ထည့်ပေးပါ။ ပြီးရင် ငှက်ဖျောဖက်လေးနဲ့ ထုပ်ပါ။ အပေါ်ကနေ တင်းတင်းလေးဖြစ်အောင် နှီးနဲ့ စည်းပေးပါ။ ပေါင်းအိုးထဲမှာ ထည့်ပေါင်းရင် ရပါပြီ။

ငှက်ပျောရွက်လေးကို ဖြည်ပြီး အပေါ်မှာ ငရုတ်သီးဆီချက်နဲ့ မြေပဲထောင်းကို ဖြူးပါ။ ဂျူးမြစ်၊ ငရုတ်သီးတောင့်ကြော်နဲ့ မုန်ညှင်းချဉ်တို့နဲ့ တွဲဖက်စားလိုက်ရင်တော့ ပြီးပြည့်စုံတဲ့ ရိုးရာ ဝက်သားချဉ် ရပါပြီ။ ဝက်သားချဉ်ကို သုပ်စားလို့ ရသလို ကြော်စားလို့လည်း ရပါတယ်။

Photo Credit: Phyo Zayar