လမ်းထဲမှာ ဈေးဗန်းလေးကြီးနဲ့ မုန့်ဦးနှောက်လို့ အော်သံကြားရင် အပြေးအလွှား ခေါ်မိခဲ့ဖူးတယ်။ မြန်မာမုန့်တွေ ကြိုက်ကြသူတွေကတော့ မြန်မာမုန့်တိုင်းကို ရင်ခုန်ကြတာပါပဲ။ အခုလို မိုးအေးအေး ကာလတွေမှာဆို ကော်ဖီပူပူလေးနဲ့ မြန်မာမုန့်လေးတွေနဲ့ လိုက်ဖက်တဲ့ ရာသီဥတုပါ။ ဒီတစ်ခေါက် ပြောချင်တာကတော့ မုန့်ဦးနှောက်ပါ။ မုန့်သားအိအိလေးတွေပေါ်မှာ သကြားနဲ့ အုန်းနို့ဆီချက်လေးဆမ်းထားတဲ့ ချိုအီဆိမ့် မုန့်တစ်မျိုးပါ။ ငှက်ပျောရွက်လေးနဲ့  ထုပ်ထားတဲ့ အတွက် အနံ့လေးကလည်း တမူထူးနေတဲ့ မုန့်ပါ။

မုန့်ဦးနှောက်မှာ အဓိက ပါဝင်တာတွေကတော့ မုန့်သားပြုလုပ်ဖို့အတွက်

  • ဆန်မှုန့်
  • အုန်းနို့
  • ဆား အနည်းငယ်
  • သကြား
  • သာကူစေ့အနည်းငယ်
  • ငှက်ပျောရွက်

မုန့်ဦးနှောက်ကို အိမ်မှာပဲ အလွယ်တကူ လုပ်စားလို့ ရပါတယ်။ သာကူစေ့လေးတွေကိုတော့ အစေ့ပျောက်အောင် အရင်ပြုတ်ထားလိုက်ပါ။ ဖက်လေးကို မီးနည်းနည်းပြပါ ဒါမှမဟုတ် ရေနွေးငွေ့နဲ့ပေါင်းလိုက်တာ။ ပျော့သွားမှာ  မုန့်ထည့်တဲ့ အခါ အဆင်ပြေတတ်တာကြောင့်ပါ။ ဆန်မှုန့်၊ သကြား၊ ဆား၊ သာကူစေ့၊တွေကို ရောပြီး မွှေပါ။ ပြီးရင် ဖက်ရွက်ထဲ ထည့်ပြီး ထုပ်ပါ။ ပြီးရင် ပေါင်းအိုးထဲမှာ ၁၅မိနစ်လောက် ပေါင်းလိုက်ရင်ပဲ မုန့်သားအိအိလေးနဲ့
မုန့်ဦးနှောက်ကို စားလို့ ရပါပြီ။

အုန်းနို့ကိုတော့ ဆီထွက်လာတဲ့ အထိ ကျိုပြီး မုန့်ပေါ်ကနေ ဆမ်းစားပါ။ သကြားလေးပါ ဖြူးပါ။ တစ်ချို့ကတော့ အုန်းသီးနုနုလေးကို ခြစ်ပြီး ဖြူးစား ပါသေးတယ်။