ဝက်နံတုန်ကို တောင်ပေါ် အအေးပိုင်းဒေသတွေမှာ လုပ်စားလေ့ ရှိကြပါတယ်။ ရေခဲသေတ္တာတွေ ခေတ်စားတဲ့ မြို့ကြီးတွေမှာ လုပ်စားလို့ရပေမယ့် တကယ့်အရသာစစ်ကိုတော့ မရနိုင်ပါဘူး။
ပါဝင်ပစ္စည်းများ
- ၀က်လက် – ၁ချောင်း
- ၀က်ခေါင်းသား – အနည်းငယ်
- ဂျင်း – ၁တက်
- ကြက်သွန်မြိတ် – ၅ပင်
- နံနံပင် – အနည်းငယ်
- နာနတ်ပွင့် – ၂ခု
- ဆား – အနည်းငယ်
- ဟင်းခတ်မှုန့် – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ၀က်လက်ကို ၄ပိုင်းလောက် ခုတ်ထစ် ၊ ရေဆေး သန့်စင်ပြီး ၀က်ခေါင်းသားနှင့်အတူ ဂျင်းဓားပြားရိုက်၊ နာနတ်ပွင့်မီးကင်တို့ ထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့နှင့်အတူ ပြုတ်ပါ။ ရေကို အသားများ မြုပ်ရုံလေးသာ ထည့်ပါ။
- ထွက်လာသော အမြှုပ်နှင့် အညစ်အကြေးတွေကို အဆက်မပြတ် စစ်ထုတ်ပေးပါ။ ရေအနည်းငယ် ထပ်ဖြည့်ပြီး ၊ ထိုနည်း အတိုင်း နောက်တစ်ကြိမ် ပြုလုပ်ပါ။
- မီးပြင်းကို လျှော့ချပြီး အဖုံးအုပ်၍ အသားနှုးသည်အထိ ပြုတ်ပါ။ အသားတွေနှူးပြီဆိုလျှင် ဆယ်ယူအအေးခံကာ အသားများကို ချေမွပေးပါ။
- ဂျင်းနှင့်နာနတ်ပွင့်ကို ဖယ်ထုတ်လိုက်ပါ ။ လက်ကျန်ပြုတ်ရည်ကို ဆူအောင် ပြန်အပူပေးပါ။ လေးထောင့်ဗန်း (သို့) ဆနွင်းမကင်းဗန်းမျိုးမှာ အသားတွေကို ဖြန်ထည့် ဆူနေတဲ့ ပြုတ်ရည်လောင်းပါ။
- ပါးပါးလှီးထားသော ကြက်သွန်မြိတ် ၊ နံနံပင်တွေဖြူးပြီး ချထားတဲ့ အသားစလေးတွေကိုလည်း ဖြန့်ထည့်ပြီး အအေးခံထားပါ။ ဂျယ်လီ ကျောက်ကျောကဲ့သို့ မာသွားပြီဆိုမှ အတုံးငယ်များအဖြစ် လှီးဖြတ်ပြီး သုံးဆောင်ပါ။
မှတ်ချက် ။ ။ ၀က်လက်သား ၊ ခေါင်းသား အသုံးပြုရခြင်းမှာ အစေးပါသော အစိတ်အပိုင်းဖြစ်သောကြောင့် နံတုန်ဖြစ်ဖို့ လွယ်ကူပါတယ်။
Credit: ဟင်းချက်နည်းများ