အမဲသားကို သီးသန့် ပြုတ်စရာမလိုပဲ မွမွလေး ကြော်ရအောင်။ ဒါပထမဦးဆုံး ကြော်ကြည့်တာ အဆင်ပြေလို့ ရှယ်ပါရစေ။ လွန်ခဲ့တဲ့ သုံးနှစ် မြန်မာပြည်ပြန်ချိန် ရန်ကုန်ရောက်တော့ ထိုင်းဆိုင်က Menu မှာ အမဲသား နေတလှန်းကြော်ဆိုတာကို စတွေ့ဖူးခဲ့တယ်။  မှာစား ဖြစ်ခဲ့လားလည်း မမှတ်မိတော့ဘူး။ ခုကြော်ကြည့်တော့ ရေပြုတ်စရာမလိုလို့ မီးရေ အကုန်သက်သာတယ်။ တခုပဲ ကိုယ်ကြော်စားချင်တဲ့နေ့ နေပူနေဖို့တော့လိုတာပေါ့။ နေလှန်းတဲ့အခါ ကျီးမထိုး ငှက်မဆွဲအောင် ဂရုတော့စိုက်ရတယ်။ ကဲ ဘယ်လို ကြော်သလဲ ဆိုတော့။

ပါဝင်ပစ္စည်းများ

အမဲမိုးခိုသား – ၄၅၀ ဂရမ် (၂၅ ကျပ်သား)
ဆား
နနွင်း
ဂျင်း – လက်မဆစ်လောက်
သံပုရာသီး – ၁ စိပ်

ပြုလုပ်နည်း

စဦးစွာ ဝယ်လာတဲ့ အမဲမိုးခိုသား ကြော်မှာဖြစ်လို့ အသားများကို အမြှောင်းလေးတွေ လှီးထားပါ။ ညှီနံ့ ပျောက်ပြီး ပိုသန့်အောင် ဆား၊ နနွင်း ထည့်နယ်ပြီး ရေစင်စင် ၂ ခါဆေးပါ။

ပြီးရင် ရေတွေ စင်သွားအောင် အသားကို ဆုပ်ညှစ်ကာ ရေထုတ်ရေစစ်ထားပါ။ အသားရေစစ်သွားရင် ဆား ၊ ဂျင်း ထောင်းပြီး အရည်ညှစ်ထည့်၊ အရည်ရွှမ်းတဲ့ သံပုရာသီး ၁ စိပ် ညှစ်ထည့်ပြီး အသားထဲ ဝင်အောင် သေချာနယ်ပါ။

ပြီးလျှင် လင်ပန်း (သို့) ထည့်စရာ ဇလုံကျယ်ကျယ်မှာ အသားတုံး တစ်တုံးချင်းစီ ထည့်ပြီး ၄ – ၅ နာရီကြာ အသားတွေ တဖက်ဆီ လှန်ပြီး နေလှန်းပေးပါ။ နေလှန်းတော့ အသားက အနီရောင် သန်းပြီး အရောင် ပိုလှပါတယ်။ ဒီနေ့ ကတော့ ၄ နာရီလောက်ပဲ လှန်းဖြစ်ပါတယ်။

ပြီးလျှင် အသား ကြော်မည့် ဒယ်အိုးတွင် ဆီသင့်ယုံ ထည့်၍ ဆီပူလာလျှင် အရည်ညှစ် သုံးထားတဲ့ ဂျင်းထောင်းကို မီးအေးအေး နှင့်ဆီသတ်ပါ။ ဂျင်း ခပ်ထပ်ထပ် ဖြစ်လာလျှင် နေလှန်းထားတဲ့ အသားများ ထည့်ကြော်ပါ။

အဖုံး လုံလုံအုပ်၍ မီးအေးအေးနှင့် ဆက်ကြော်ပါ။ မီးများရင် တူးမည်ကို သတိထားပါ။ အသားမှ အရည်များ ထွက်လာပါလိမ့်မယ်။ အသားက ထွက်တဲ့အရည်ကုန် ဆီပြန်လို့ ဒယ်အိုး ကပ်ကပ်ခြောက်ခြာက် ဖြစ်သည်အထိ အသားများကို တဖက်တဖက် လှန်ပေးရင်း ဆက်ကြော်ပါ။

ကိုယ်လိုချင်သော အသား အပျော့ အကြွပ် သင့်သလို ထား၍ မီးပိတ်နိုင်ပါသည်။ ကိုယ်ကတော့ အရမ်းကြွပ်အောင် မထားဘူး။

** ကဲ ဒီမှာရပါပြီ။ အမဲသား နေတလှန်း မွမွကြော်။ ဒီအတိုင်းပဲ စားစား ထမင်းနဲ့ပဲ စားစား ဘီယာကြိုက်သူများ အတွက်လည်း အမြည်း တခွက်ပေါ့။

Credit: My Lit’le K I T C H E N’s D I A R Y