ဒီနေ့တော့ ဟင်းအတွဲအစပ်မတင်ဘဲ လွယ်ကူသက်သာတဲ့ အစားအစာလေး တစ်ခုကို မျှဝေချင်ပါတယ်ရှင့်။ စားခါနီးမှ အမြန်ကြော်လို့ ရတာမို့ အချိန်လဲ မကုန်တော့ဘူး။ အရသာလေးက တစ်မျိုးလေး စားကောင်းတာမို့ အိမ်ရှင်မတို့ရေ ကြိုးစားကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံး
  • ငါးသေတ္တာ ဘူးကြီး ၁ ဘူး
  • ကန်စွန်းရွက် ၄ ပင်
  • မုန်လာဥနီ ၁ ဥ
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ဥသေး ၁ ဥ
  • ဂျင်း အနည်းငယ်
  • ရှောက်ရွက် ၇ ရွက်
  • ဆီ ၁ ဇွန်းခွဲ (ဟင်းချက်ဇွန်း)
  • ဆား ၁ ဇွန်း (လက်ဖက်ရည်ဇွန်း )
  • ပဲငံပြာရည်အကြည် ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ထမင်းကိုဆားနှင့်နယ်ထားပါ ။ ငါးသေတ္တာဗူးကိုဖောက်ပြီး အနှစ်ကိုဗူးထဲချန်ထားပြီး ငါးတုံးများကိုခပ်ထုတ်ထားပါ ။ ကန်စွန်းရွက်ခြွေထားပါ ။ မုန်လာဥနီ ပါးပါးလှီးထားပါ ။
  2. ဒယ်အိုးထဲတွင် ဆီအနည်းငယ်သာထည့်ပြီး ကန်စွန်းရွက်နွမ်းအောင်ကြော်ပေးပါ ။ ဆားမထည့်ပါနှင့် ။ ပြီးနောက် ပန်းကန်ထဲ ခပ်ထုတ်ထားပါ ။
  3. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ အခွံခွာထားပါ ။ ဂျင်းနှင့်ကြက်သွန်ဖြူကို ရောထောင်းထားပါ ။ ကြက်သွန်နီကို လေးစိပ်စိတ်ပါ ။
  4. ဒယ်အိုးထဲဆီထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူ ၊ ဂျင်း ၊ ကြက်သွန်နီတို့ကို ထည့်ဆီသတ်ပါ ။ မုန်လာဥနီထည့်ပါ ။ အနှစ်မခြောက်ခင် ကြက်ဥဖောက်ထည့်ပြီး မွှေပေးပါ ။ ပြီးမှကန်စွန်းရွက်ထည့်ပါ ။ ဗူးထဲတွင်ချန်ထားသော ခရမ်းချဉ်သီးအနှစ် နည်းနည်းထည့်မွှေပါ ။
  5. ဆားနယ်ထားသောထမင်းကိုထည့်ပြီး သမအောင်မွှေပေးပါ ။ ပဲငံပြာရည်အကြည်နှင့် ခရုဆီထည့်ပါ ။ ခပ်ထုတ်ထားသော ငါးသေတ္တာတစ်ဝက်နှင့် ဗူးထဲမှာကျန်သောအနှစ်များ ထည့်မွှေပေးပါ ။ နောက်ဆုံးမှ ငရုတ်ကောင်းမှုန့်ဖြူးပြီး ရှောက်ရွက်ပါးပါး ညှပ်ထည့်ပေးပါ ။

ထမင်းကြော်ကို ပန်းကန်လုံးထဲထည့်ပြီးမှ ပန်းကန်ပြားပေါ် အသာမှောက်ချပါ ။ ချန်ထားသော ငါးသေတ္တာ၊ သခွားချဉ်၊ ကြက်သွန်ဖြူတို့ထည့်ပြီး အလှဆင်ပေးပါ ။ ငါးသေတ္တာထမင်းကြော်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ ။ ကန်စွန်းရွက်ထည့်ထားတာမို့ ငါးသေတ္တာရဲ့ အကြောတတ်စေတဲ့ ဓာတ်တွေကို ဖယ်ရှားပေးမှာပါ ။ လူကြီးတွေအတွက်လဲအဆင်ပြေ ကလေးတွေအတွက်လဲ အာဟာရဖြစ်စေတာကြောင့် အမြန်ကြော်စားကြည့်လိုက်ကြနော် အိမ်ရှင်မတို့…

Credit : အိမ်ရှင်မအတွက် ဟင်းကောင်းတစ်ခွက်