ကြက်သားကို ဆနွင်းများများလေးနဲ့ မချက်ဘဲ သံပုရာသီးလေး ညှစ်ပြီး ကင်တာလေးကို စားချင်တဲ့ စိတ်ပေါက်လာလို့ စိတ်ကူးရတဲ့ အိမ်မှာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးတွေနှင့် နယ်ပြစ်လိုက်တယ်။ သံပုရာသီးအခွံကိုပါ နယ်ပြီး သိပ်ထားတော့ သံပုရာနံ့ လေးက အတော်ကို မွှေးတယ်။ ကြက်သားကလည် အချဉ်ဓာတ်နဲ့ဆိုတော့ တော်တော် နူးညံ့သွားတယ်။ အုန်းထမင်းလေးနဲ့ဆိုရင်တော့ တော်တော်လိုက်မယ်။ အခုတော့ ရိုးရိုးထမင်းနဲ့ပဲ ဆွဲလိုက်တယ်။ ငရုတ်သီး အချဉ်ထောင်းလေးနှင့်ဆိုလည်း လိုက်ဖက်မယ်။ လုပ်စားကြည့်ပါအုံး မိတ်ဆွေများရေ စားကောင်းကြပါစေ။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၃ ခု (ပေါင်တစ်ခုကို ၂ပိုင်း ပိုင်းထားရန်)
  • ကြက်သွန်ဖြူ – ၅ ဥ
  • ဆနွင်းမှုန့် – ၁ ဇွန်း (ထမင်းစားဇွန်း)
  • ဆား – ၁ ဇွန်း – ( လ္ဘက်ရည်ဇွန်း)
  • သကြားအညို – ၁ ဇွန်း (ထမင်းစားဇွန်း)
  • ဆီ – ၂ ဇွန်း  (ထမင်းစားဇွန်း)
  • ငံပြရည် – ၂ ဇွန်း (ထမင်းစားဇွန်း)
  • Maggi  Sauce – ၃ဇွန်း   (ထမင်းစားဇွန်း )
  • ပဒဲကော – လက်တစ်ဆစ်
  • နံနံပင်အမြစ် – အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အဖြူ – အနည်းငယ်
  • သံပုရာသီး – ၁ လုံး (လေးစိတ်ခွဲထားပါ )

ပြင်ဆင်ပြုလုပ်နည်း
ကြက်ပေါင်တွေကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူ ၊ ပဒဲကော ၊ နံနံပင်အမြစ် တို့ကို ထောင်းထားပါ ။

ဇလုံ တစ်ခုထဲတွင် ကြက်ပေါင်များကို ထောင်းထားသော ကြက်သွန်ဖြူတို့နှင့် ဆား ၊ ဆနွင်းမှုန့် ၊ သကြားအညို ၊ ငရုတ်ကောင်မှုန့် ၊ ငံပြာရည် ၊ သံပရာသီးခြမ်း တို့ကို ရောသမအောင် မွှေပြီး  အနည်းဆုံး ၃ နာရီခန့်  သိပ်ထားပါ ။ ( ရေခဲသေတ္တာထဲတွင် တစ်ည သိပ်ထားပါက ပိုကောင်း၏)

Oven  ကိုအသားမထည့်ခင် 180C / 350F အပူချိန်ဖြင့် အပူပေးပါ ။

ရေခဲသေတ္တာထဲမှ နယ်ထားသည့် ကြက်သားများကို Oven မီးခံ  Baking Tray ထဲသို့ ကြက်သားများကို စီထည့်၍ အပေါ်မှ ကျန်အနှစ်များကို လောင်းထည့်ပါ ။  အပေါ်မှ Foil ကို အုပ်ရုံလေး အုပ်ထားပြီး Oven ထဲသို့ ထည့်၍ မိနစ် ၃၅ မှ ၄၅ မိနစ်အထိ  (သို့ ) ကျက်သည်အထိ ထားပါ ။

Oven ထဲမှ ထုတ်လာသည့် ကြက်သားကင်ကို ၅မိနစ်ခန့် အပြင်မှာ ထား၍ ပြီးလျှင် စားမည့် ပုကန်ထဲသို့ ပြောင်းထည့်ပါ ။

Oven မရှိပါက မကပ်သည့် ဒယ်အိုး ထူထူကို ပူအောင်လုပ်၍ ဆီသုတ်ပြီး ကြက်သား အရေခွံရှိသည့်ဘက်ကို မှောက်၍ ထည့်ပါ ။   ပြီးလျှင် အဖုံးဖုံး၍  ၈ -၁၀ မိနစ် (သို့ ) ကြက်အရေခွံ ရွှေရောင်ပြောင်းလာသည့် အထိထားပါ ။

ပြီးလျှင် ကြက်သားကို အခြားဘက်သို့ လှန်၍ အဖုံးဖုံး၍ ၈ -၁၀ မိနစ် (သို့ ) ကျက်သည့် အထိ ထားပါ ။

ပြီးလျှင် ကျက်သွားသည့် ကြက်သားကို ၅မိနစ်ခန့် အပြင်မှာ ထား၍ ပြီးလျှင် စားမည့် ပုကန်ထဲသို့ ပြောင်းထည့်ပါ ။

MyFood Myanmar