အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မြန်မာအစားအစာတွေမဟုတ်တော့ပဲ ကိုရီးယားအစားအစာလေးတစ်မျိုးကို ဖော်ပြပေးချင်ပါတယ်နော်။

ဒါကတော့ ကိုရီးယားကားကြည့်လေ့ရှိသူတွေဆိုရင်တော့ ဒီအစားအစာက အထူးအဆန်းမဟုတ်တော့ပါဘူး။ ရှာရလွယ်ကူတဲ့ ပါဝင်ပစ္စည်းလေးတွေနဲ့ အိမ်မှာအလွယ်တကူလုပ်စားနိုင်ဖို့အတွက် အခုပဲချက်နည်းလေးကို ဖော်ပြပေးလိုက်ပါပြီနော်။

ပါဝင်ပစ္စည်းများ

  • ကိုးရီးယားပန်ကိတ်ဖလာ (Buchimgaru) or All Purpose Flour  ၁ ခွက်
  • ဆား – ဇွန်းဝက်(လက်ဖက်ရည်ဇွန်း)
  • သကြား – ဇွန်းဝက်(လက်ဖက်ရည်ဇွန်း)
  • ငရုပ်ကောင်းမှုန့် – (အနည်းငယ်)
  • ကြက်သွန်ဖြူမှုန့် – ဇွန်းဝက်(လက်ဖက်ရည်ဇွန်း)
  • ရေအေး – ၁၂၀(မီလီလီတာ)
  • ကြက်ဥ – ၂-လုံး
  • ကြက်သွန်မြိတ် – (အနည်းငယ်)
  • ဆီ – (အနည်းငယ်)
  • ပင်လယ်စာ (ပြည်ကြီးငါး + ပုဇွန်+ဂဏန်းအသားချောင်း)

ပြုလုပ်ပုံအဆင့်ဆင့်

  • ပထမဆုံး ကိုရီးယားပန်ကိတ်ဖလာ (Buchimgaru) တစ်ခွက်ကို ရေအေး(၁၂၀ မီလီလီတာ) ဖြင့် သမအောင် ဖျော်ပါ။
  • ဒီနေရာမှာ တစ်ခုပြောချင်တာက ကိုရီးယား (Buchimgaru) ဖလာအမှုန့်က အထဲမှာအရသာအားလုံးပါပြီးသားဖြစ်သည့်အတွက် (ဆား ၊ သကြား၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်) တို့ထည့်စရာမလိုတော့ပါဘူး ဒီတိုင်းရေဖြင့် ဖျော်လို့ရပါတယ်။
  • All Purpose Flour ကိုသုံးမယ်ဆိုရင်တော့ ပါဝင်အချိုးအစားအတိုင်း အားလုံးကို ထည့်ပေးရမှာ ဖြစ်ပါတယ်။
  • အမှုန့်ကို ရေဖြင့်ဖျော်ပြီးသောအခါ ကြက်ဥ ၂-လုံးကို အသင့်ခလောက်ထားပါ။ ပင်လယ်စာများကို သင့်တော်သလို အသင့်လှီးထားပါ။ ကြက်သွန်မြိတ်ကို လက်သုံးလုံးအရွယ်လောက် အသင့်ဖြတ်ထားပါ။
  • မကပ်သည့် ဒယ်အိုး (Non Stick Pan) ထဲသို့ ဆီအနည်းငယ်ထည့်ပါ။ အသင့်ဖျော်ထားသည့် မုန့်နှစ်အရည်နှင့် လှီးထားသည့် ပင်လည်စာများကို ရောမွှေ၍ ဒယ်အိုးထဲသို့ ဖြန့်ခင်းပါ။
  • Pancake ပြုလုပ်လျှင် အထူကြီးမလုပ်ရပါဘူး။ ပါးပါးကြွပ်ကြွပ်လေးဖြစ်အောင် မှုန့်နှစ်အနည်းငယ်မျှသာ ထည့်ပြီးဇွန်းဖြင့် ဒယ်အိုးအကျယ်အတိုင်းဖြန့်ပေးရပါတယ် ။
  • မုန့်နှစ်အပေါ်မှ အသင့်လှီးထားသည့် ကြက်သွန်မြိတ်များကို သင့်တော်သလောက် ဖြန့်ခင်းပေးပါ။ ကြက်သွန်မြိတ်အပေါ်မှ ခလောက်ထားသည့်ကြက်ဥကို နေရာလပ်မကျန်အောင် လောင်းပေးရပါတယ်။
  • အနည်းငယ် အောက်ဘက်ကျက်လာလျှင် တစ်ဖက်သို့ လှန်ပေးရပါတယ်။ နှစ်ဖက်စလုံးအကျက်ညီသွားပါက လှီးပြီး အသင့်စားသုံးလို့ရပါပြီ။ (Pancake ပြုလုပ်လျှင် မီးကိုလျှော့ထားရပါမယ် မီးအရမ်းမပြင်းရပါဘူး။ ဆီကို လိုသလိုထည့်လို့ရပါတယ်။)

Pancake ဖြင့်တို့စားရန်အတွက်ဆော့ပြုလုပ်နည်း

  • ပဲငံပြာရည်အကျဲ – ၄ ဇွန်း(စားပွဲတင်ဇွန်း)
  • ရှာလကာရည် – ဇွန်းဝက်(စားပွဲတင်ဇွန်း)
  • ကိုရီးယားငရုပ်မှုန့် – ဇွန်းဝက်(စားပွဲတင်ဇွန်း)
  • သကြား – ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
  • နှမ်းဆီ – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • နှမ်း – (အနည်းငယ်)
  • ကြက်သွန်ဖြူ + ငရုပ်သီးစိမ်းတို့ကိုရောထောင်းပြီးထည့်ပေးရပါမယ်။

Credit: ဇွဲသုသု