ထမင်း ဟင်း ချက်ပြုတ်တဲ့အခါ အရသာရှိစွာ ချက်ပြုတ်နိုင်ဖို့တစ်ခုတည်းပဲ အရေးကြီးတာမဟုတ်ပါဘူး။ ကိုယ့် မီးဖိုချောင်ထဲက အသုံးအဆောင်ပစ္စည်းတွေကိုလည်း ကြာရှည်စွာအသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှ အပိုဝင်ငွေထွက်နိုင်ချေတွေကို တားဆီးထားရာရောက်မှာပါ။

နို့မဟုတ်ရင် အိုးခွက် ပန်းကန်တွေက ဟောင်းနွမ်းသွားလို့ အသစ် အသစ်တွေ ဝယ်နေရပါမယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကိုပဲ အသုံးပြုကြည့်လိုက်ပါ။ အိမ်ရှင်မတိုင်းအတွက် အသုံးဝင်မယ့်နည်းလမ်းလေးတွေပါပဲ။

ဟင်းသီးဟင်းရွက်နဲ့ အစားအစာများ အနံ့မနံဖို့နဲ့ အမြဲတမ်းလတ်ဆတ်သန့်ရှင်းနေဖို့အတွက်

သတင်းစာစက္ကူလေးနဲ့ ထုတ်ပိုးထားနိုင်ပါတယ်။ ဒါပေမဲ့ သတင်းစာတွေက မျက်စိနဲ့ မမြင်ရတဲ့ ဖုန်မှုန့်တွေ ကပ်ငြိနေတတ်ပါတယ်။ ဒါ့ကြောင့် သတင်းစာစက္ကူထက်စာရင် ဗူးအလွတ်ထဲမှာ ထည့်ထားလိုက်ပါ။ ထည့်မယ့်ဗူးအလွတ်ကိုလည်း သန့်ရှင်းစင်ကြယ်အောင် ရေဆေးပြီးနောက် ခြောက်သွေ့အောင် သုတ်ပေးပြီးမှ ဟင်းသီးဟင်းရွက်နဲ့ စားသောက်စရာတွေကို ထည့်လိုက်ပါ။

ဟင်းရည်များ ဝေမကျဖို့အတွက်

ဟင်းချိုတို့ ချဉ်ရည်ဟင်းတို့တည်ထားတဲ့အခါ ပွက်ပွက်ဆူလာပြီဆိုရင် ဝေကျသွားတတ်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ မီးဖိုက ညစ်ပတ်သွားပါလိမ့်မယ်။ ဒီလိုဝေမကျဖို့အတွက် သစ်သားယောင်းမကို အိုးနှုတ်ခမ်းဝပေါ်မှာ တင်ထားပေးလိုက်ပါ။

စတီးအသုံးအဆောင်တွေကို သန့်ရှင်းစင်ကြယ်စေဖို့အတွက်ဆိုရင်

အရက် အသုံးပြုနိုင်ပါတယ်။ ဝါဂွမ်းစ (သို့) အဝတ်စကို အရက်ဆွတ်ပြီးနောက်မှာ စတီးအသုံးအဆောင်တွေပေါ် ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ထိုပစ္စည်းလေးတွေက အသစ်အတိုင်း တောက်ပြောင်သွားမှာပဲဖြစ်ပါတယ်။

မိုက်ခရိုဝေ့ဖ်က အနံ့မနံဖို့ရန်အတွက်

မိုက်ခရိုဝေ့ဖ်က ငါးညှီနံ့တွေ အသားစိမ်းအနံ့တွေ နံနေလို့ စိတ်ညစ်နေပြီလား။ အဝတ်စုတ်တစ်ခုကို ဆပ်ပြာရည်နဲ့ စိမ်ထားလိုက်ပါ။ ထို့နောက် ထိုအဝတ်စုတ်ကို မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး မိနစ်အနည်းငယ်ကြာ အပူပေးလိုက်ပါ။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲမှာပဲ မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။ အချိန်ပြည့်တဲ့အခါ ထိုအဝတ်စုတ်နဲ့ မိုက်ခရိုဝေ့ဖ်နံရ့်တွေကို ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အနံ့အသက်ဆိုးတွေ ပျောက်ကင်းသွားပါလိမ့်မယ်။

ကြေးနီအသုံးအဆောင်များ သန့်ရှင်းစင်ကြယ်ဖို့ရန်အတွက်

စောစောက စတီးအသုံးအဆောင်တွေကို သန့်ရှင်းတောက်ပြောင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပြီးသွားပါပြီ။ ဒီတစ်ခါမှာတော့ ကြေးနီအသုံးအဆောင်တွေကို သန့်ရှင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အဝတ်အစတစ်ခုကို Ketchup ထဲသို့ နှစ်ပေးလိုက်ပါ။ ထို့နောက် ကြေးနီအသုံးအဆောင်တွေကို ထိုအဝတ်စနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ဒါဆိုရင်တော့ အသစ်အတိုင်း တောက်ပြောင်သွားမှာပဲဖြစ်ပါတယ်။

Source: delish.com