မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ဖို့ဆိုတာ တကယ်တော့ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အထူးသဖြင့် သင်က အလုပ်အရမ်းများတဲ့ သူတစ်ယောက် ဆိုရင်တော့ ဒီလိုမီးဖိုချောင်သန့်ရှင်းရေးက အလုပ်ပိုတစ်ခုလိုဖြစ်နေတတ်ပါတယ်။

ဒါဆိုရင် မီးဖိုချောင်ကို တကူးတကကြီးအားစိုက်ထုတ်ပြီး သန့်ရှင်းရေး လုပ်စရာမလိုဘဲ အချိန်တိုအတွင်း သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

မိုက်ခရိုဝေ့ဖ်ကို သန့်ရှင်းရေးလုပ်ဖို့ဆိုရင်

သံပုယိုသီး (သို့) သံပုရာသီးတစ်လုံးကို အရည်ညှစ်ပြီးနောက် ရေတစ်ဖန်ခွက်ဖြင့် ရောနှောလိုက်ပါ။ သံပုယိုသီးအခွံကိုပါ တစ်ပါတည်းထည့်ပြီးနောက် မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ အမြင့်ဆုံးအပူချိန်ဖြင့် ၅ မိနစ်အပူပေးလိုက်ပါ။ အချိန်ပြည့်ပါက ၁၅ မိနစ်ခန့် ထားထားပါ။ ပြီးရင်တော့ ထိုသံပုယိုရည်ကို ဖယ်ရှားပေးလိုက်ပါ။ မိုက်ခရိုဝေ့ဖ်ရဲ့နံရံတွေကို အဝတ်စတစ်ခုဖြင့် သုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သန့်ရှင်းတောက်ပြောင်တဲ့ မိုက်ခရိုဝေ့ဖ်အသစ်တစ်လုံးရသွားပါပြီ။

မီးဖိုချောင်မှာ အနံ့အသက်ဆိုးတွေ ထွက်နေတယ်ဆိုရင်

လိမ္မော်သီးတစ်လုံးကို ပါးပါးလှီးပြီးနောက် အိုးတစ်လုံးထဲထည့်ကာ လိမ္မော်စိတ်များ မြှုပ်သွားသည်အထိ ရေထည့်ထားလိုက်ပါ။ သစ်ကြမ်းပိုးခေါက်မှုန့်အနည်းငယ်ထည့်ပြီးနောက် ထိုအိုးကို မီးဖိုပေါ်တွင် အပူပေးလိုက်ပါ။ ရေနွေး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ ၅ မိနစ်ခန့်ကြာတဲ့အခါမှာတော့ သင့်ရဲ့မီးဖိုချောင်ထဲမှာ အနံ့အသက်မွှေးမွှေးလေးတွေ လွှမ်းခြုံသွားပါပြီ။

ခြစ်ခုံက ညစ်ပတ်နေတယ်ဆိုရင် ဘယ်လိုသန့်ရှင်းရမလဲ

သံပုယိုသီးကို ထက်ခြမ်းခြမ်းလိုက်ပါ။ ထို့နောက် ခြစ်ခုံရဲ့မျက်နှာပြင်ကို ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်ပါ။ ဒါဆိုရင်တော့ ခြစ်ခုံအသစ်တစ်ခု ရရှိသွားပါပြီ။

သစ်သီးဖျော်စက်ထဲက ဓားသွားတွေကို သန့်ရှင်းစေဖို့နဲ့ အသွားထက်စေဖို့အတွက်ဆိုရင်

သံပုယိုသီးကို လေးစိပ် စိတ်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်ပါ။ အေးခဲသွားတဲ့အခါမှာတော့ ထိုသံပုယိုသီးစိပ်များကို ဖျော်စက်ထဲထည့်ပြီး ၁ မိနစ်မှ ၃ မိနစ်အထိ မွှေပေးလိုက်ပါ။ အကုန်ပြီးသွားရင်တော့ ရေနဲ့ ကျင်းပေးလိုက်ပါ။ ဒါိုရင်တော့ သစ်သီးဖျော်စက်က သန့်ရှင်းသွားတဲ့အပြင် အထဲကဓားသွားကလည်း ချွန်ထက်သွားပါလိ်မ့်မယ်။

အစာအကြွင်းအကျန်ကြောင့် ပန်းကန်ပြားက ညစ်ပတ်နံ့စော်နေတဲ့အခါ

ကော်ဖီအကြမ်းမှုန့်အနည်းငယ်ကို ပန်းကန်ပြားပေါ်မှာ ဖြူးလိုက်ပါ။ စက္ကန့်အနည်းငယ်ကြာတဲ့အထိစောင့်ပြီးနောက် ရေမသုံးသေးဘဲ ပန်းကန်ပြားကို ကော်ဖီမှုန့်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒါဆိုရင်တော့ အနံ့အသက်မကောင်းတဲ့ ထိုပန်းကန်ပြားက သန့်ရှင်းတောက်ပြောင်ကာ မွှေးကြိုင်သွားပါလိမ့်မယ်။

Source: Brightside.me