အစားအသောက်တွေ လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံဖို့ ဘယ်လိုနည်းလမ်းတွေ အသုံးပြုရမလဲ၊ ဟင်းချက်ပြုတ်တဲ့အခါ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူချက်ပြုတ်နိုင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးကို ဝေမျှပေးပြီးသွားပါပြီ။

ဒီတစ်ခါမှာလည်း အိမ်ရှင်မတိုင်းအတွက် အသုံးတည့်မယ့် နည်းလမ်းအချို့ကို ဝေမျှပေးချင်ပါသေးတယ်။ မီးဖိုချောင်ဝင်တဲ့အခါ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကို အသုံးပြုပေးမယ်ဆိုရင် ပိုမိုလွယ်ကူသက်သာသွားမှာပဲဖြစ်ပါတယ်။

စပျစ်သီးများကို အရသာရှိရှိစားသုံးနိုင်မယ့်အပြင် အရသာရှိရှိသောက်သုံးနိုင်မယ့် နည်းလမ်းလေးတစ်ခု

စပျစ်သီးများကို အေးခဲနေအောင် ရေခဲစိမ်ပြီးတဲ့နောက်မှာ ဝိုင်ပုလင်းထဲ ထည့်ထားပေးလိုက်ပါ။ ဆွေမျိုးမေ့သွားစေမယ့် ဝိုင်တစ်ခွက်ကို အရသာရှိရှိသောက်သုံးနိုင်မှာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ဝိုင်ချစ်သူတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။

ငှက်ပျောသီးများကို ရေခဲသေတ္တာထဲမှာ ထည့်ထားချင်တယ်ဆိုရင်

အရင်ဆုံး ငှက်ပျောသီးကို အခွံခွာရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးခဲနေတဲ့ငှက်ပျောသီးက အခွံခွာရ ခက်ခဲလို့ပဲဖြစ်ပါတယ်။

အခန်းအပူချိန်ထဲတွင်သာ ထားထားရမယ့် အစားအစာများ

တချို့အစားအစာတွေက ရေခဲသေတ္တာထဲမှာလည်း မထည့်ထားသင့်သလို မှောင်နေတဲ့ နေရာမှာလည်း မသိုလှောင်ထားသင့်ပါဘူး။ ထိုအစားအစာတွေကတော့ သံပုယိုသီး၊ သံပုရာသီး၊ ရှောက်သီးစတဲ့ အချဉ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ၊ ခရမ်းချဉ်သီး၊ ဒိန်ခဲနဲ့ ချောကလက်တို့ပဲဖြစ်ပါတယ်။ ထိုအစားအစာတွေကို အခန်းအပူချိန်ထဲမှာပဲ ထားစားမယ်ဆိုရင် ပိုအရသာရှိပါတယ်။

ငရုတ်သီးများ မလှီးဖြတ်ခင်မှာ

ငရုတ်သီးများ လှီးဖြတ်နေတဲ့အချိန်မှာ မျက်စိမွှန်တတ်ပါတယ်။ မတော်လို့ ငရုတ်သီးလှီးပြီးတဲ့လက်နဲ့ မျက်လုံးသွားပွတ်မိမယ်ဆိုရင်တော့ ကူကယ်ရာမဲ့သလို ခံစားနေရမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုမဖြစ်ဖို့အတွက် ငရုတ်သီးမလှီးခင်မှာ သင့်ရဲ့ လက်နှစ်ဖက်ကို ဟင်းသီးဟင်းရွက်ဆီနဲ့ သုတ်လိမ်းထားလိုက်ပါ။

အစားအစာများ လှီးဖြတ်ပြီးသွားလို့ လက်နံ့နေတဲ့အခါ

သင့်ရဲ့ လက်နှစ်ဖက်ကို ဆားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ဒါမှမဟုတ် သံချေးမတက်တဲ့ စတီးရေပိုက်ခေါင်းနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ လက်မှာစွဲကပ်နေတဲ့ အနံ့များ တစ်မဟုတ်ချင်းပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီးကို အခြားအသီးအနှံများ ဟင်းသီးဟင်းရွက်များနဲ့ ရောမထားပါနဲ့

အတူတူရောထားလိုက်မယ်ဆိုရင် အခြားအစားအစာများက တာရှည်ခံမှာမဟုတ်ဘဲ အလျင်အမြန်ပုပ်သိုးသွားပါလိမ့်မယ်။

ကြက်ရင်အုံသားများကို အရသာရှိရှိ စားသုံးချင်တယ်ဆိုရင်

ကြက်သားမလှီးဖြတ်ချင်မှာ အရင်ဆုံး ဒလှိမ့်တုံးနဲ့ လှိမ့်ပေးတာပဲဖြစ်ဖြစ်၊ အလေးတုံးနဲ့ ထုပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် အသားက မချက်ခင်ကတည်းက နူးသွားမှာပဲဖြစ်ပါတယ်။

Source: yuppiechef.com